ကလေးစစ်သားဟောင်းအောင်ကိုထွေးအမှု လာမည့်ရုံးချိန်းတွင်အပြီးသတ်အမိန့်ချမည်

ကလေးစစ်သားဟောင်းအောင်ကိုထွေးအမှု လာမည့်ရုံးချိန်းတွင်အပြီးသတ်အမိန့်ချမည်

 

ရန်ကုန်၊ မတ် ၂၀ ။            ။ နိုင်ငံတော်အကြည်အညိုပျက်စေမှု  ၅၀၅ (ခ) ဖြင့်  တရားစွဲခြင်းကိုခံထားသည့် ကလေးစစ်သားဟောင်း အောင်ကိုထွေးအမှုကို လာမည့်ရုံးချိန်း မတ်လ ၂၈ ရက်နေ့အတွင် အပြီးသတ်အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးမှ ချိန်းဆိုလိုက်သည်။

 တရားလိုဘက်မှ အပြီးသတ်လျှောက်လွှဲချက်ပေးသော်လည်း စွပ်စွဲခံရသူဘက်မှ အပြီးသတ်လျှောက်လွှဲချက်တင်သွင်းခြင်းမရှိသည့်အတွက် တရားသူကြီးမှ မတ်လ ၂၈ ရက်တွင် အမိန့်ချမှတ်မည်ဟု အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 ကလေးစစ်သားဟောင်း အောင်ကိုထွေးသည် ပုဒ်မ ၅၀၅ (ခ)ကို တရားရင်ဆိုင်နေစဉ်ကာလတွင်းမှာပင် တရားရုံးကို အယုံအကြည်မရှိဟုဆိုကာ သပိတ်မှောက်သောကြောင့် တရားရုံးမထီမဲ့မြင်မှု ထပ်တိုးပုဒ်မ ၂၂၈ နှင့် ပြီးခဲ့တဲ့ ဖေဖော် ဝါရီလ ၁၄ ရက်နေ့က ထောင်ဒဏ် ၆ လ ချမှတ်ခံထားရသည်။

အောင်ကိုထွေးအနေဖြင့် ပြည်တွင်းမီဒီယာတစ်ခုကိုဖြေဆိုခဲ့သည့်အင်တာဗျူးတွင် နိုင်ငံတော်အစိုးရကိုထိခိုက်စေပြီး ငြိမ်းဝတ်ပိပြားမှုကို ထိခိုက်စေသည့် အချက်များ ပါဝင်သည့်အတွက် ဥပဒေအရအရေးယူပေးရန် တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးမျိုး မြင့်အောင်က တရားရုံးကိုဦးတိုက်လျောက်ခဲ့ခြင်း ဖြစ်သည်။

တရားစွဲဆိုခံခဲ့ရခြင်းနှင့် ပက်သက်ပြီး အောင်ကိုထွေး က " ကျွန်တော် RFA သတင်းဌာနမှာ ကလေးစစ်သားဘဝနဲ့အမှန်တကယ် ဒုက္ခခံစားခဲ့ရတဲ့အ ကြောင်းကို ကျွန်တော်ပြောခဲ့တယ်။   နိုင်ငံတော်အစိုးရလည်းမပါသလို နိုင်ငံတော်အစိုးရလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လူပုဂ္ဂိုလ်နာမည်တွေလည်း မပါပါဘူး " ဟု စက်တင်ဘာ ၁၈ ရက် သူ့ကိုရုံးထုတ်စဉ် တရားရုံးအဝင်ဝတွင်ပြောဆိုခဲ့ဖူးသည်။

နိုင်ငံတော်အကြည်အညိုပျက်စေမှု ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ကလေးစစ်သားဟောင်းဖြစ်သူ ကိုအောင်ကိုထွေးကို သြဂုတ်လ ၁၈ ရက်ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly