အမျိုးသမီးများ အိမ်တွင်းလက်မှု ဝါးဖက် ခမောက်ချုပ်လုပ်ငန်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

အမျိုးသမီးများ အိမ်တွင်းလက်မှု ဝါးဖက် ခမောက်ချုပ်လုပ်ငန်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

သထုံ၊  မတ်၊  ၂၀ ။                               ။ အမျိုးသမီးများ၏ အိမ်တွင်းလက်မှု ဝါးဖက် ခမောက်ချုပ်လုပ်ငန်းဖြင့် မိသားစု အပိုဝင်ငွေများ ရရှိကြောင်းကို ဝါးဖက်ခမောက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းနေကြသည့် မွန်ပြည်နယ် သထုံမြို့နယ် နောင်ဘိုကျေးရွာ ဘုရားဖြူပိုင်းနေ အိမ်ရှင်မများထံမှ သိရသည်။

  "ယောကျာ်းတွေက ခြံလုပ်၊ အချို့က နေ့စားလုပ်။ အိမ်မှာကျန်တဲ့ မိန်းမတွေက အိမ်မှုကိစ္စလုပ်ရင်းနဲ့ ခမောက်ချုပ်တော့ တဖက်တစ်လမ်းက အိမ်အတွက် ငွေပိုလေးရတာပေါ့"ဟု ခမောက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းနေသော ဘုရားဖြူပိုင်းနေ ဒေါ်တင်ရွှေကပြောသည်။

 ခမောက်ချုပ်လုပ်ရာ၌ လိုအပ်ပစ္စည်းဖြစ်သော ဝါးပိုးဝါအနုနှင့် ဝါးပိုးဝါးဖက်များမှာ ဒေသတွင် ရှားပါးလာသဖြင့် အဝေးမှ မှာယူရသော်လည်း ဝါးဖက်ခမောက်များမှာ ဒေသလိုအပ်ချက် ဖြစ်သည့်အတွက် တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။

  ""ဝါးတွေ၊ ဖက်တွေက ရှားလာတော့ ဒီမှာ လိုသလောက်မရတော့ဘူး။ ဝါးဆို သာယာကုန်း နောင်ကုလား ပေါ်တော်မူ ၊ ဓနု ၊ ပိန္နဲတောရွာတွေမှာ လိုက်ဝယ်ရတယ်။ ဝါးဖက်ကျတော့ ကိုက်ကြီးဖက် မှာရတယ်။ ပစ္စည်းတွေက အဝေးကနေ မှာရလို့ ဈေးပိုပေးရတယ် ဆိုပေမယ့် ဒီက လယ်သမား၊ ခြံသမားတွေက နွေနွေ ၊ မိုးမိုး ဒီခမောက်တွေကိုပဲ ဆောင်းနေကြတော့ ကိုက်ပါတယ်။ ကိုယ့် အတွက် အဆင်ပြေပါတယ်"ဟု ဒေါ်တင်ရွှေက ဆိုသည်။

အဆိုပါ ဝါးဖက်ခမောက်များကို ကျောင်းသားဆောင်း ၊ လူကြီးဆောင်း၊ ရေချိုး ၊ ရေချိုးကြီး ၊ လယ်တောပူး ၊ ကုတ်ချွန် ၊ ပုဂံပြား ဟု ပုံစံအလိုက် ဒေသအခေါ် ၇ မျိုးရှိပြီး ဒေသတွင်းနှင့် ပဲခူး သိမ်ဇရပ် ဘီးလင်း ဘားအံ မြဝတီတို့သို့ တင်ပို့ရောင်းချပြီး မြဝတီဖက်တွင် အရောင်းရဆုံး ဖြစ်သည်ဟု  ခမောက်အရောင်း အဝယ်လုပ်ကိုင်သော ဘုရားဖြူပိုင်းနေ ဦးထွန်းအေးထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly