သေနတ်ဖြင့် လင်မယားချင်း စနောက်ရာမှ ကျည်ထွက်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

သေနတ်ဖြင့် လင်မယားချင်း စနောက်ရာမှ ကျည်ထွက်ပြီး အမျိုးသမီးတစ်ဦးသေဆုံး
ဓာတ်ပုံ-ပြည်ထဲရေး

ရန်ကုန်၊ မတ်လ ၂ဝ  ။           ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာဟောင်း ဦးထုံးဆိုသူ၏ ရာဘာခြံတွင် တူမီးသေနတ်ဖြင့် လင်မယားချင်း စနောက်ရာမှ ကျည်ထွက်ပြီး အမျိုးသမီး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ မတ်လ ၂ဝ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ရာဘာခြံတွင် ခြံစောင့်လုပ်ကိုင်သူ အသက် ၁၈ နှစ်အရွယ် ဖိုးသဲ(ခ) သဲမောင်ဆိုသူက လက်လုပ် တူမီးသေနတ်ကို ယမ်းထောင်ထည့်ကာ မောင်းတင်ထားသည်ကို မေ့လျှော့ပြီး ၎င်း၏ ဇနီးဖြစ်သူ အသက် ၂၂ အရွယ် မနှင်းအေးကို နောက်ပြောင်ရာမှ ကျည်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ကျည်ပေါက်ကွဲခဲ့သဖြင့် မနှင်းအေးမှာ ဝဲနို့အုံ ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်ဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့သည်။

လက်ရှိတွင် အဆိုပါ အမျိုးသမီးရုပ်အလောင်းကို ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားပြီး ဖမ်းဆီးရမိထားသည့် ဖိုးသဲ(ခ)သဲမောင်ဆိုသူကို ချောင်းနှစ်ခွနယ်မြေရဲစခန်းတွင် (ပ)၂၅/၂ဝ၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃ဝ၄- က(ပေါ့လျော့မှုကြောင့်လူသေစေမှု)၊ (ပ)၂၆/၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(စ) ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly