ပြိုကျခဲ့သည့် မြေစာပုံတွင် ပျောက်ဆုံးသူများ မတွေ့သေးသော်လည်း လုပ်ငန်းများပြန်စနေ

ပြိုကျခဲ့သည့် မြေစာပုံတွင် ပျောက်ဆုံးသူများ မတွေ့သေးသော်လည်း လုပ်ငန်းများပြန်စနေ
(ဓာတ်ပုံ၊ဇော်မိုးထက်၊ဖားကန့်)

ရန်ကုန်၊ မတ် ၁၉  ။             ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်  လုံးခင်းကျေးရွာအုပ်စု ကန်ခါမှော်အတွင်း မတ်လ ၁၆ရက် ညပိုင်းတွင် ပြိုကျခဲ့သည့် စုပေါင်းမြေစာပုံတစ်ခုတွင် နစ်မြျပ်နေဆဲ လူ ၄၀ ခန့် ရှိနိုင်သည်ဟု ခန့်မှန်း ရသော်လည်း လုပ်ငန်းများပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ကိုခွန်းအောင်ကပြောသည်။

 မတ်လ ၁၆ ရက် ည ၁၁ နာရီခန့်တွင်ပြိုကျခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်ထိ ပျောက်ဆုံးသူများအား ပြန်မတွေ့သေးဘဲ ယမန်နေ့ မတ်လ ၁၈ ရက် ညနေပိုင်းတွင်လုပ်ငန်းများ ပြန်လည်ပတ်နေသည်ကို မြင်တွေ့ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ ပြိုတဲ့ကုမ္ပဏီကတော့ကျောက်စိမ်းတောင် ကုမ္ပဏီပေါ့မနေ့ကညနေပိုင်းကစပြီး သူတို့ အလုပ်ပြန်ဆင်းပြီခင်ဗျ။ ရှာလည်းရှာနေကြတာပေါ့ “ ဟု မြေစာပုံပြိုကျသည့်နားတွင်နေထိုင်သူ ဒေသခံ ကိုခွန်းအောင်က မတ်လ ၁၉ ရက်ညနေပိုင်းတွင် မဇ္ဈိမသို့ပြောသည်။

ရေမဆေးကျောက် ရှာဖွေသူ အများအပြား မြေစာပုံအောက်တွင် နစ်မြုပ်နေသည်ဟုသာ သိရှိထားပြီး လူမည်မျှသေဆုံးသွားသည်ကိုမှု မဇ္ဈိမမှ အတည်ပြု နိုင်ခြင်းမရှိသေးသော်လည်း လူ ၄၀ ခန့် ရှိနိုင်ကြောင်း ခန့်မှန်းရသည်။

အဆိုပါ ပြိုကျသည့်နေရာသည် စုပေါင်းမြေစာပုံဖြစ်ပြီး တစ်သုံးလုံးကုမ္ပဏီများ အများဆုံး စွန့်ပစ်ကြောင်း နောက်ပိုင်းတွင် ကျောက်စိမ်းတောင်ကုမ္ပဏီများ စွန့်ပစ်နေသည်ဟု ဖားကန့်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီးလဆိုင်း၏ ပြောဆိုချက် အရ သိရသည်။

ယင်းပြိုကျသည့် နေရာသည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းကလည်း ပြိုကျခဲ့ဖူးပြီး ကျောက်စိမ်း တောင် ကုမ္ပဏီပိုင် ကားများ နစ်မြုပ်ခဲ့ဖူးကြောင်း သိရသည်။

ဖားကန့်ဒေသအတွင်း၌ မြေစာပုံပြိုကျမှုများ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ က မြေစာပုံပြိုကျမှု ကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးမှု ဖြစ်ပွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly