လူနှစ်ဦးဒဏ်ရာရသွားသည့် တက်ဆက်ပြည်နယ် ပေါက်ကွဲမှု ဖြစ်စဉ်နောက်ပိုင်း ပြည်သူများ သတိရှိကြရန် ရဲတပ်ဖွဲ့ ပြော

လူနှစ်ဦးဒဏ်ရာရသွားသည့် တက်ဆက်ပြည်နယ် ပေါက်ကွဲမှု ဖြစ်စဉ်နောက်ပိုင်း ပြည်သူများ သတိရှိကြရန် ရဲတပ်ဖွဲ့ ပြော

 

မတ် ၁၉ ။                ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ် အော်စတင်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၈ ရက်က ပေါက်ကွဲမှုဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပြီး လူနှစ်ဦး ဒဏ်ရာရသွားခဲ့သည်။ ယင်းပေါက်ကွဲမှုသည် အဆိုပါမြို့၌ တစ်လအတွင်း လေးကြိမ်မြောက် ကြုံတွေ့ခဲ့ရသည့် ပေါက်ကွဲမှုဖြစ်စဉ်လည်း ဖြစ်သည်။

ယခုနောက်ဆုံး ကြုံတွေ့လိုက်ရသည့် ပေါက်ကွဲမှုမှာ မြို့၏ အနောက်တောင်ပိုင်း ထရာဗစ်ကောင်တီ ဟု လူသိများသည့် အရပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခင်ဖြစ်ထားခဲ့သည့် အခြားသော ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်စဉ်များသည် မြို့အရှေ့ခြမ်း လူနေဧရိယာများတွင် ပေါ်ပေါက်ထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပါဆယ်ဗုံး ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် လူနှစ်ဦးသေဆုံးထားခဲ့သည်။

လက်ရှိအခြေအနေများအရ မြို့တွင်းနေ ဒေသခံများအားလုံးအနေဖြင့် ၎င်းတို့၏ နေအိမ်များအနီး မသင်္ကာဖွယ် အထုပ်များတွေ့ပါက ကိုင်တွယ်ထိတွေ့ခြင်းများ မလုပ်ကြရန် ရဲတပ်ဖွဲ့အကြီးအကဲ ဘရိုင်ယန် မန်လေက သတိပေးသွားခဲ့သည်။

ယခုနောက်ဆုံး ကြုံတွေ့လိုက်ရသည့် ပေါက်ကွဲမှုတွင် အသက် ၂၀ အရွယ် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြသည်။ ၎င်းတို့ကိုဆေးရုံသို့ တင်ပို့ထားရပြီး အခြေအနေ မစိုးရိမ်ရဟု သိရသည်။

ယခုအခါ အဆိုပါ မြို့သို့ FBI အေးဂျင့်များလည်း လာရောက်ပူးပေါင်းစုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly