Mizzima အခမဲ့ရုပ်သံလိုင်းကို မတ်လ ၂၄ ရက်တွင် စတင်ဖမ်းယူကြည့်ရှုနိုင်ပြီ

Mizzima အခမဲ့ရုပ်သံလိုင်းကို မတ်လ ၂၄ ရက်တွင် စတင်ဖမ်းယူကြည့်ရှုနိုင်ပြီ
ဓာတ်ပုံ - သူရ/မဇ္ဈိမ

 

မတ်လ ၁၉ ။              ။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှတဆင့် ပုဂ္ဂလိကတိုးချဲ့ရုပ်သံလိုင်းများကို ထုတ်လွှင့်ခွင့်ပေးထားရာလာမည့် မတ်လ ၂၄ ရက်မှ စတင်၍ အခမဲ့ရုပ်သံလိုင်းတစ်လိုင်းဖြစ်သည့် Mizzima TV ကို DVB-T2 Set-top Box နှင့်DVB-T2 TV များ၏ ဖမ်းယူပုံနည်းလမ်းအဆင့်ဆင့်အတိုင်း ဖမ်းယူနိုင်ကြောင်း သိရသည်။

တိုးချဲ့ ရုပ်သံလိုင်း ၅ လိုင်းနက်  ပထမဦးဆုံး တိုးချဲ့ရုပ်သံလိုင်း အဖြစ် Mizzima TV ကို မတ်လ ၂၄ ရက်တွင် စတင်ဖမ်းယူကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်း သတင်းနှင့် ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

ထိုသို့ အခမဲ့ တိုးချဲ့ရုပ်သံလိုင်းအား ဖမ်းယူကြည့်ရှုရာတွင် အခက်အခဲတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား တယ်လီဖုန်း 067-79395 ၊ 067-79090 ၊ 067-79411 တို့သို့ ဆက်သွယ်နိုင်သည်။

တိုးချဲ့ ရုပ်သံလိုင်းများမှာ Mizzima TV ၊ DVB Multimedia Group Company Limited၊ Fortune Broadcasting Company Limited ၊KMA TeleMedia Holdings Company Limited ၊ My Multi Media Group Company Limited  တို့ ဖြစ်ပြီး MRTV Multi Channel Play out System တွင် DVB-T2 စနစ်ဖြင့် ရုပ်သံလိုင်း (၅)လိုင်း ထည့်သွင်းထားခြင်း ဖြစ်သည်။

ပထမဆုံး စတင်ထုတ်လွှင့်တော့မည့် Mizzima TV အနေဖြင့် ဖျော်ဖြေရေးအစီအစဉ်များအပြင် လူငယ်နှင့်ကလေးငယ်များကို အဓိက ထား၍ တင်ဆက်ထုတ်လွှင့်သွားမည်ဟု မဇ္ဈိမမီဒီယာဂရု၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးမြင့်က ပြောသည်။

"မဇ္ဈိမဆိုရင် လူငယ်နဲ့ကလေးတွေ အဓိကထား ပြီးတော့ တင်ဆက်သွားမယ်၊ ဘာဖြစ်လို့လဲဆို တော့ လူငယ်နဲ့ကလေးကို အဓိကထားတဲ့ ချန်နယ် မရှိသေးဘူးလေ၊ သီးသန့် ချန်နယ်မရှိသေးတော့ အဲဒါကို အဓိကထားပြီးတော့ ရှိနေတဲ့ဈေး ကွက်ထဲမှာ သူများတကာတွေမလုပ်သေးတဲ့ သိပ်ပြီးအားမစိုက်သေးတဲ့ ကိုယ့်နဲ့ကိုက်မယ့်ဟာ ကို အဓိကထားတာပေါ့၊ လူငယ်နဲ့ကလေးတွေ အတွက် အဓိကထားတာပေါ့" ဟု ဦးစိုးမြင့်က ပြောသည်။

ရုပ်သံလိုင်း (၅)လိုင်း ထည့်သွင်းထုတ်လွှင့်သည့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ ရန်ကုန်မြို့၊ ဟံသာဝတီအဝိုင်းရှိ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားတွင် ပြုလုပ်ခဲ့သည်။

မဇ္ဈိမတီဗီအစီအစဉ်များထဲတွင် Music Club၊ Colorful Myanmar ၊ Health Talk၊ Her World ၊ Dota ၊ New Face ၊ Surprise ၊ Tasty Trip အပါအဝင် အခြားအစီအစဉ်များစွာ ပါဝင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly