မန္တလေးရဲစခန်းရှေ့ လူစုလူဝေးဖြစ်ပွားမှု ၁၁ဦးဖမ်းဆီးထား

မန္တလေးရဲစခန်းရှေ့ လူစုလူဝေးဖြစ်ပွားမှု ၁၁ဦးဖမ်းဆီးထား

 

မန္တလေး  မတ်၁၉ ။            ။ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊အမှတ်(၄)နယ်မြေရဲစခန်းရှေ့တွင် မတ်လ ၁၈ ရက်၊ညပိုင်းက မုဒိမ်းမှုကျူးလွန်သူကို ထုတ်ပေးရန်တောင်းဆိုသည့် လူစုလူဝေးထဲမှာ ၁၁ ဦးကို ထိန်းသိမ်းထားကြောင်း အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှသိရသည်။

"ညက ဖြစ်တဲ့ ဖြစ်စဉ်က လူတွေကိုတော့ ထိန်းသိမ်းထားဆဲပါ။သူတို့ကိုတော့ ဘာပုဒ်မမှတပ်မထားသေးဘူး။ အရေးယူမယ် ဆိုရင်တော့ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့ တာဝန်ဝတ္တရားနှောက်ယှက်မှုတို့နဲ့အရေးယူနိုင်ပါတယ်"ဟု အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ မတ်လ ၁၅ ရက်နေ့က မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်တွင် အသက် (၇) နှစ် (၃) လအရွယ်ရှိ မိန်းကလေးငယ်ကို ဓမ္မတာနှင့်ဆန့်ကျင်၍ မဖွယ်မရာပြုကျင့်ခဲ့သည့် အမျိုးသားတစ်ဦးကို မတ်လ ၁၈ ရက်တွင် မိဘများက အမှတ် ၄ ရဲစခန်းတွင် အမှုဖွင့်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇ ဖြင့် ၎င်းနေ့ ညဦးပိုင်းတွင်ပင် အမှုဖွင့် ဖမ်းဆီးအရေးယူခဲ့သည်။

ထိုသို့ဖမ်းဆီးအရေးယူစစ်ဆေးနေစဉ် မတ် ၁၈ ရက်ညပိုင်းမှာပင် ရပ်ကွက်သူ၊ရပ်ကွက်သားများက ပြစ်မှုကျူးလွန်သူကို ထုတ်ပေးရန်တောင်ဆိုရာမှစတင်၍ လူစုလူဝေးဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှ သေနတ်ဖောက် လူစုခွဲခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly