လူသတ်မုဒိမ်းနှင့် သက်ငယ်မုဒိမ်းအား သေဒဏ်ပေးရေး ဆန္ဒပြုလက်မှတ် မန္တလေးတွင်ကောက်ခံ

လူသတ်မုဒိမ်းနှင့် သက်ငယ်မုဒိမ်းအား သေဒဏ်ပေးရေး ဆန္ဒပြုလက်မှတ် မန္တလေးတွင်ကောက်ခံ
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ မတ်လ ၁၇ ။                ။ လူသတ်မုဒိမ်းနှင့်သက်ငယ်မုဒိမ်းကျူးလွန်သူများကို သေဒဏ်ပေးရေး ဥပဒေပြဋ္ဌာန်းပေးရန်အတွက် ဆန္ဒပြု ထောက်ခံလက်မှတ်များကောက်ခံခြင်းကို မတ်လ ၁၇ ရက်၊နံနက်ပိုင်းက မန္တလေးမြို့၊ မင်္ဂလာမန္တလေးဧရိယာ၊ အိုးရှင်းစူပါစင်တာရှေ့တွင် ပြုလုပ်သည်။

ဆန္ဒပြုလက်မှတ်ထိုးဦးဆောင်ကောက်ခံနေသူတစ်ဦးဖြစ်သည့် ရန်ကုန်မြို့မှ မသီရိနေလင်းက"ကျွန်မတို့ လက်မှတ်သုံးသိန်းရအောင် ကောက်ခံသွားမှာပါ။"ဟု ပြောသည်။

ထိုသို့လက်မှတ်ထိုးများကောက်ခံခြင်းကို ဒီဇင်ဘာလ ၁၉ ရက်တွင် ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်မှစတင်ခဲ့ပြီး ရွှေပြည်သာ၊လှော်ကား၊တောင်ငူ၊အုတ်တွင်း၊ပဲခူး၊ပြည်၊မြိတ်မြို့တို့၌ ကောက်ခံခဲ့ပြီး လက်မှတ်ပေါင်း ငါးသောင်း ကျော်ရရှိထားပြီးဖြစ်သည်။

ယနေ့တွင် မန္တလေးမြို့၌ ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်မှတ် ၃ သိန်းအထိ ရအောင် ဆက်လက် ကောက်ခံသွားမည် ဖြစ်သည်။

ဆန္ဒပြုလက်မှတ်ထိုးများကောက်ခံရာတွင် ပူးပေါင်းပါဝင်သည့် ပျော်ဘွယ်မြို့နယ်၊အလယ်တန်းကျောင်းအုပ် ဦးမိုးပြာအောင်က "ပညာပေးမှုတွေကို စာသင်ကျောင်းတွေအပြင် ကျေးရွာ ရပ်ကွက်တွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးစေချင်တယ်။သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ပေါ့။"ဟုပြောသည်။

လက်မှတ်ထိုး သုံးသိန်းရရှိအောင် ပြည်နယ်နှင့်တိုင်းများတွင် လှည့်လည်ကောက်ခံသွားမှာဖြစ်ကာ မန္တလေးမြို့တွင် ကောက်ခံပြီးသွားပါက ရှမ်းပြည်နယ်သို့သွားရောက်၍ ဆက်လက် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly