မြန်မာနိုင်ငံတွင် တည်ဆောက်မည့် ဗီယက်နမ်စက်ရုံ၌ အလုပ်သမား ၂ ထောင် ခန့်အပ်သွားမည်ဟုဆို

မြန်မာနိုင်ငံတွင် တည်ဆောက်မည့် ဗီယက်နမ်စက်ရုံ၌ အလုပ်သမား ၂ ထောင် ခန့်အပ်သွားမည်ဟုဆို

 

ရန်ကုန်၊ မတ်လ ၁၇ ။           ။ တံခါးနှင့် အဆောက်အဦ မျက်နှာစာပစ္စည်းများ ထုတ်လုပ်နေသော ဗီယက်နမ်ကုမ္ပဏီ Eurowindow သည် မြန်မာနိုင်ငံတွင် တည်ဆောက်မည့် စက်ရုံအတွက် အလုပ်သမား ၂ ထောင်မှ ၄ ထောင်ကျော်အထိ ခန့်အပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ စီအီးအို Mr. Nguyen Canh Hong က ပြောသည်။

ယင်းကုမ္ပဏီသည် ၂၀၀၂ ခုနှစ်ကတည်းက ဗီယက်နမ်နိုင်ငံ၌ တံခါး၊ အဆောက်အဦမျက်နှာစာများအတွက် ထုတ်ကုန်များကို ရောင်းချနေသောကုမ္ပဏီ ဖြစ်ပြီး ၎င်းတို့စက်ရုံကို လာမည့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌  စက်ရုံတည်ဆောက်သွားရန် မျှော်မှန်းထားသည်။

 မြန်မာနိုင်ငံအတွက်အဆိုပါကုမ္ပဏီ၏ ပထမဆုံး တရားဝင် ကိုယ်စားလှယ်ရုံးခန်း ဖွင့်လှစ်ကြောင်းမိတ်ဆက်ပွဲကို မတ်လ ၁၆ရက် ရန်ကုန်မြို့ Melia Hotel ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စက်ရုံအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်းမှ သန်း၂၀ အတွင်း လာမည့်နှစ်တွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဈေးကွက်၌ အောင်မြင်ရန်မျှော်လင့်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဆိုပါစက်ရုံ ၂ ရုံအထိ ဆောက်လုပ်သွားရန် လျာထားပြီး စုစုပေါင်း အလုပ်သမား ၄ ထောင်ကျော်ခန့် ခန့်အပ်သွားရန် ရှိနေသည်ဟု Mr. Nguyen Canh Hong က ပြောသည်။

“ပထမစက်ရုံအတွက်ကတော့ အလုပ်သမား ငါးရာ ကနေ တစ်ထောင် အတွင်း အလုပ်ခန့်သွားဖို့ စီစဉ်ထားတယ်၊ ဒုတိယစက်ရုံကတော့ ငါးရာ ကနေ ခုနှစ်ရာ အတွင်းအလုပ်သမားခန့်ထားဖို့ရှိတယ်၊ အဲဒီတော့ ကျွန်တော်တို့ အနည်းဆုံးအလုပ်သမား နှစ်ထောင်ကျော်ခန့့်ဖို့ရှိပါတယ်၊ ဒါပေမယ့် အလုပ်သမားလိုအပ်ချက်နဲ့ ဈေးကွက်ဝယ်လိုအားအပေါ်မူတည်ပါတယ်၊ စက်ရုံနှစ်ရုံအတွက်ကတော့ အလုပ်သမား လေးထောင်ကျော်လောက် ကျွန်တော်တို့အလုပ်ခန့်ထားရနိုင်ပါတယ်”ဟု Mr. Nguyen Canh Hong က ပြောသည်။
လက်ရှိတွင် တည်ဆောက်မည့် စက်ရုံနေရာအတွက်  မြန်မာနိုင်ငံစက်မှုဝန်ကြီးဌာန၏ ဝန်ကြီးက အကြံပေးထားပြီး တည်ဆောက်မည့်နေရာအား စဉ်းစားဆဲဖြစ်သည်ဟု ယင်းကုမ္ပဏီဘက်မှ သိရသည်။

ဗီယက်နမ်ကုမ္ပဏီ Eurowindow သည် ၂၀၀၂ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ဝန်ထမ်းဦးရေ ၄ ထောင်ကျော်ဖြင့် လည်ပတ်နေကာ  uPVCတံခါး၊ သစ်သားတံခါး၊ အလူမီနီယံတံခါး၊ မှန်နံရံများကို ထုတ်လုပ်နေပြီး မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်ရုံးနှင့်ပြခန်းအား တောင်ဥက္ကလာပမြို့နယ်၊ ၁၁ ရပ်ကွက်၌ ဖွင့်လှစ်ထားပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများမှာ တစ်နှစ်လျှင် ၃၀% ကြီးထွားလျက်ရှိနေသည်ဟု ဗီယက်နမ်နိုင်ငံသံရုံးမှ ကုန်သွယ်ရေးအတိုင်ပင်ခံ Ms. Vo Thi Ngoc Diep က ယင်းကုမ္ပဏီရုံးခန်းဖွင့်ပွဲတွင်ပြောဆိုခဲ့သည်။

ဗီယက်နမ်ထုတ်ကုန်များ၊ လျှပ်စစ်ပစ္စည်းများ ၊ အဝတ်အထည်များ မြန်မာနိုင်ငံသို့ တင်သွင်းမှုများ ရှိလာပြီးနောက် ဗီယက်နမ်ကုမ္ပဏီအချို့ မြန်မာဈေးကွက်ထဲ ဝင်ရောက်လာသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly