ICC မှ ဖိလစ်ပိုင်နိုင်ငံက တရားဝင်နုတ်ထွက်

ICC မှ ဖိလစ်ပိုင်နိုင်ငံက တရားဝင်နုတ်ထွက်

 

မနီလာ၊ မတ် ၁၆ ။            ။ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှ နုတ်ထွက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံသို့ မတ် ၁၆ ရက်တွင် သတင်းပါးလိုက်ပြီဖြစ်သည်။

ကုလသမဂ္ဂဆိုင်ရာ ဖိလစ်ပိုင်အမြဲတမ်းကိုယ်စားလှယ် တီယိုဒေါရိုလော့စင်းက ကုလသမဂ္ဂ အတွင်းရေးမှူး ဂူတာရပ်စ်၏ ကက်ဘိနက်ထံသို့ စာပေးပို့ခဲ့ကြောင်းကို တွစ်တာတွင် ရေးသားဖော်ပြပြီး အဆိုပါ မှတ်တမ်းစာများ၏ ဓာတ်ပုံကိုလည်း ဖြန့်ဝေခဲ့သည်။

အဆိုပါ စာတွင် ၁၉၉၈ ခုနှစ်အတွင်က ထူထောင်သော ICC မှ ဖိလစ်ပိုင်နိုင်ငံသည် နုတ်ထွက်ကြောင်းကို ရေးသားဖော်ပြထားသည်။

မတ် ၁၄ ရက်က သမ္မတ ဒူတာတေးသည် ICC သည် အခြေအမြစ်မရှိ၊ မကြုံစဖူးသော တရားလက်လွန်ရိုင်းစိုင်းသော တိုက်ခိုက်မှုများကို မိမိအပေါ် ကျူးလွန်နေသည့် အဖွဲ့အစည်းဖြစ်သည်ဟု စွပ်စွဲလျက် မိမိနိုင်ငံက ယင်းအဖွဲ့မှ နုတ်ထွက်ကြောင်းကို ကြေညာထားခြင်း ဖြစ်သည်။

ICC သည် လူ့အခွင့်အရေးအဖွဲ့အဆိုအရ လူပေါင်း ၁၂၀၀၀ သေဆုံးရသော သမ္မတ ဒူတာတေး၏ မူးယစ်ဆေးဝါးဆန့်ကျင်ရေးစစ်ပွဲကို စုံစမ်းစစ်ဆေးရန် ကြိုးစားလာခြင်းကြောင့် ဖြစ်သည်။

ICC ကို ဖွဲ့စည်းထူထောင်သော Rome Statute ၏ ပုဒ်မ ၁၂၇ အရ ICC မှ နုတ်ထွက်သော နိုင်ငံသည် နုတ်ထွက်ကြောင်းစာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ လက်ခံရရှိပြီးနောက် တစ်နှစ်အကြာတွင် နုတ်ထွက်မှု စတင်အသက်ဝင်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly