RCSS နှင့် TNLA တိုက်ပွဲကြောင့် ရွာသားနှစ်ဦးသေဆုံး၊ လူ တစ်ထောင်ခန့် ကျောက်မဲသို့ထွက်ပြေး

RCSS နှင့် TNLA တိုက်ပွဲကြောင့် ရွာသားနှစ်ဦးသေဆုံး၊ လူ တစ်ထောင်ခန့် ကျောက်မဲသို့ထွက်ပြေး

ရန်ကုန် ၊ မတ် ၁၆ ။             ။ RCSS နှင့် TNLA တို့အကြား တိုက်ပွဲများကြောင့် အနည်းဆုံး ဒေသခံရွာသားနှစ်ဦးသေဆုံးခဲ့ပြီး စစ်ဘေးရှောင် များ ကျောက်မဲသို့ ထွက်ပြေးနေရကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အပါအဝင် နမ္မတူ ၊ သီပေါ နှင့် နမ့်ဆန့် အနီး၌ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် တအာဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ပြီး ရက်သတ္တပတ် တစ်ပတ်ခန့် ကြာမြင့်နေပြီ ဖြစ်သည်။

လက်ရှိတွင် စစ်ဘေးရှောင်ဒေသခံများအနေဖြင့် ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လူဦးရေ တစ်ထောင်ကျော်ခန့် ရှိကြောင်း သိရကာ နေရာချထားပေးရေးအတွက် ကျောက်မဲမြို့ပရဟိတအသင်းများက ဆောင်ရွက်ပေးလျှက်ရှိသည်။

"ဒီက ပရဟိတအဖဲ့ွတွေကတော့ ပြေးလာတဲ့ သွားကူနေကြတယ်။ သူတို့သွားနေတုန်းဆိုတော့ ဘယ်မှာ နေရာချထားပေးမလဲ ဆိုတာတော့ မသိသေးဘူး" ဟု ရှမ်းလူငယ်အဖွဲ့ ကျောက်မဲတာဝန်ခံ နန်းမွေစံ က ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ကျောက်မဲမြို့ တောဖယ် ကျေးရွာမှ ဒေသခံ ရွာသားနှစ်ဦး သေဆုံးခဲ့ကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု တအာဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က အတည်ပြုပြောထားသည်။

တိုက်ပွဲများဆက်တိုက်ဆိုသလို ဖြစ်ပွားနေခြင်းကြောင့် ကျေးရွာများအတွင်း ဒေသခံများပိတ်မိနေမှုများ ရှိကာ ထွက်ပြေးတိမ်းရှောင်သည့် စစ်ဘေးရှောင်အရေအတွက်လည်း ပိုမိုများပြားလာနေသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် အစိုးရ နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း တပ်မတော် ၊ TNLA စသည့် အဖွဲ့များဖြင့် မကြာခဏဆိုသော်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

"တိုက်ပွဲကတော့ လုံးဝငြိမ်သွားတာ မရှိသေးဘူး။ ဒီနေ့အထိ ကြိုကြားကြိုကြား ဖြစ်နေတုန်းပဲ။ ကျွန်တော်တို့ နယ်မြေ ဖြစ်တဲ့အတွက် ဆုတ်ဖို့ကတော့ မရှိတော့ဘူး" ဟု တအာဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

တအာဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားခြင်းမရှိဘဲ 'ဝ'အဖွဲ့ (UWSA) ဦးဆောင်ဖွဲ့စည်းထားသည့် FPNCC ကော်မတီတွင် ပါဝင်ထားပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးခွင့် တောင်းဆိုထားသည့် အဖွဲ့ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags