တိုင်းရင်းသားလက်နက်ကိုင်များနှင့် ရရှိသည့် သဘောတူညီမှု တရားဝင်၊ မဝင် အင်န်အယ်လ်ဒီ အမတ် မေးခွန်းထုတ်

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ရရှိသည့် သဘောတူညီမှု တရားဝင်၊ မဝင် အင်န်အယ်လ်ဒီ အမတ် မေးခွန်းထုတ်
ဩဂုတ် ၂၇ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တစ်နို်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးရေး ဆောင်ရွက်ထားမှု ရှင်းပြအပြီး သတင်းထောက်များနှင့် တွေ့ဆုံစဉ်။ ဓာတ်ပုံ - မင်းမင်း

နေပြည်တော်၊ ဩဂုတ် ၂၇ ။        ။ အစိုးရကို တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုသည် မတရားအသင်း အဖြစ် ကြေညာခံထားရသောကြောင့် ၎င်းတို့နှင့် ရရှိထားသည့် သဘောတူညီချက်သည် တရားဝင် ဟုတ်၊ မဟုတ် ဝါရင့်အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ပြည်သူ့လွှတ် တော်အမတ် ဦးဝင်းထိန်က မေးခွန်း ထုတ်လိုက်သည်။

“မတရားအသင်း ကြေညာခံထားရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံတယ်ဆိုရင် အဲ့ဒီပုဒ်မတွေနဲ့ အချိန်မရွေး အရေးယူခံရတတ်ပါတယ်။ အဲ့တော့ ဒီဥပဒေ ရှိနေသေးတဲ့ကာလမှာ ဒီပုဂ္ဂိုလ်များနဲ့ ဒီအသင်းဖွဲ့များနဲ့ ရတဲ့ သဘောတူညီချက်ဟာ ဥပဒေကြောင်းအရ တရားဝင်၊ မဝင်ဆိုတာက ဥပဒေကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ အလေး အနက်ထားပြီး စဉ်းစားသင့်ပါတယ်” ဟု မိတ္ထီလာမြို့ နယ်အမတ် ဦးဝင်းထိန်ကပြော သည်။

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုရေးနှင့်ပတ်သက်ပြီး လုပ်ဆောင် ထားမှု အခြေအနေကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်ထောင်စုလွှတ်တော်တွင် ဩဂုတ် ၂၇ ရက်က လာရောက်ရှင်းပြစဉ် ဦးဝင်းထိန်က မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

ဦးဝင်းထိန်၏ မေးခွန်းကို ဝန်ကြီးဦးအောင်မင်းက အတိအကျ ပြန်လည်ဖြေဆိုခြင်းမရှိဘဲ “ကျွန်တော်တို့က သူ့ကို ကိုယ်မယုံ၊ ကိုယ့်ကို သူမယုံနဲ့ ဒီလိုဖြစ်တဲ့အခါကျတော့ ပုဒ်မ ၁၇/၁ ကိုစောပြီးဖြုတ်ရမယ့် ကိစ္စကို မဖြုတ် နိုင်ဘူး။ မဖြုတ်နိုင်တဲ့အခါကျတော့ ကျွန်တော်တို့က သူတို့ကို သွားစကားပြောတာတောင်မှ ဦးအောင်မင်းဆီမှာ အပြစ်ရှိတယ်” ဟုသာ ပြောဆိုခဲ့သည်။

“ကျွန်တော် ဦးအောင်မင်းက ဘာကြံရသလဲဆိုတော့ သမ္မတကြီးဆီကနေ အမိန့်ကို တောင်းရတယ်။ သမ္မတကြီး ပေးတဲ့အမိန့်နဲ့ပဲ ကျွန်တော်က သွားပြောရတာ ဖြစ်တဲ့အတွက် အကယ်၍ ဦးအောင်မင်းကို ၁၇/၁ နဲ့ စွဲလာမယ်ဆိုရင်တော့ သမ္မတနဲ့ ကာကွယ်ထားတယ်ဆိုတာကို တင်ပြလိုပါတယ်။ ဒါကြောင့်မို့လို့ ၁၇/၁ ကတော့ ဒီလိုပဲ ကျွန်တော်တင်ပြပါရစေ” ဟု ဦးအောင်မင်းက ပြောသည်။

ပုဒ်မ ၁၇/၁ သည်  မတရားအသင်းအဖြစ် ကြေညာထားသော အဖွဲ့အစည်းများနှင့် အဆက်အ သွယ်ရှိသူများနှင့် အဆက်အသွယ်ရှိသည်ဟု ယူဆသူများကို ဖမ်းဆီးထောင်ချလေ့ရှိသော စစ်အစိုးရ လက်ထက်က ကိုင်စွဲ ထားသည့် ပုဒ်မဖြစ်သည်။

ပုဒ်မ ၁၇/ ၁ အရ အောက်ခြေအဆင့်တွင် ပံ့ပိုးခြင်းဖြစ်က ထောင်ဒဏ် ၂ နှစ်မှ ၃ နှစ် အထိ လည်းကောင်း၊  မတရားအသင်းတွင် ကိုယ်တိုင် ပါဝင်ဦးဆောင်သည့် အပိုင်းမှဖြစ်က ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် ထိလည်းကောင်း ချမှတ်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်သည် အားလုံးပြီးစီး သွားပြီဖြစ်ပြီး လက်မှတ်ရေးထိုးမည့်ရက် သတ်မှတ်ရန် သမ္မတ၊ ကာချုပ်တို့နှင့် တိုင်းရင်းသားခေါင်းဆောင် များတွေ့ဆုံ မည် ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲကို တိုင်းရင်းသားများဘက်က စက်တင်ဘာ ၁၇၊ ၁၈ တွင် တွေ့ဆုံရန် အဆိုပြုထားပြီး အစိုးရဘက်ကမူ ထိုရက်များထက် စောစီးစွာ တွေ့ဆုံရန် ဆန္ဒရှိနေသည်ဟု ဦးအောင်မင်းက သတင်းထောက်များ ကို ပြောသည်။

နှစ်ပေါင်းခြောက်ဆယ်ကျော် သန္ဓေတည်လာသည့် ပြည်တွင်းစစ်ကို အဆုံးသတ်ရန် သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်များအား ၂၀၁၁ ခုနှစ်၊ ဩဂုတ် ၁၈ ရက်ကစပြီး ကမ်းလှမ်းခဲ့ခြင်းဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly