မိုင်ယာမီ၌ လူကူးတံတားပြိုကျ၍ လူ ၄ ဦးထက်မနည်းသေဆုံး

မိုင်ယာမီ၌ လူကူးတံတားပြိုကျ၍ လူ ၄ ဦးထက်မနည်းသေဆုံး

 

မိုင်ယာမီ၊ အမေရိကန်၊ မတ် ၁၆ ။              ။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့၌ ကြာသာပတေးနေ့တွင် လူကူးတံတားတစ်စင်းပြိုကျသော ကြောင့် လူ ၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက အတည်ပြု ပြောဆိုခဲ့သည်။

ကြာသာပတေးနေ့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ မိုင်ယာမီမီးသတ်ဌာနမှ အကြီးအကဲဖြစ်သူ ဒေးဗစ်ဒေါင်းနေးက မြို့၏ကျော်ကြားလှသော အမှတ် ၈ လမ်း၌ မကြာသေးခင်က အသစ်ဆောက်လုပ်ထား သော လူကူးတံတားပြိုကျခဲ့သည့် ဝမ်းနည်းဖွယ်ရာဖြစ်ရပ်အတွင်း လူ ၄ ဦးထက်မနည်းသေဆုံးခဲ့ကာ လူ ၁၀ ဦးခန့်ကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း ပြောဆိုခဲ့သည်။

ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်ခ်စကော့က ယင်းဖြစ်ရပ်နှင့်ပက်သက်၍ အပြည့်အဝစုံစမ်းစစ်ဆေးမှုများ ကို ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် တာဝန်ရှိသူများကို အမှုဖွင့်သွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ဒါ့အပြင် ကယ်ဆယ်နိုင်သည့်သူများကို သေချာပေါက်ကယ်ဆယ်သွားမည်ဖြစ်ကြောင်းလည်း စကော့က ဖြည့်စွက်ပြောဆိုခဲ့သည်။

ဒေါင်းနေးကလည်း ကယ်ဆယ်ရေးနှင့် ရှာဖွေးရေးလုပ်ငန်းများကို ညလုံးပေါက်ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် အနံ့ခံခွေးများအပါအဝင် နည်းပညာအကူအညီအားလုံးကိုရယူကာ အသက်ရှင်ကျန်ရစ်သူများ ကို ရှာဖွေသွားမည်ဟု ပြောဆိုခဲ့သည်။

“ကျနော်တို့ ပြိုကျသွားတဲ့အစိတ်အပိုင်းတွေကို ဖြည်းဖြည်းချင်းဖယ်ရှားနေရပါတယ်။ ပြိုကျတဲ့အပုံကြီးကမငြိမ် တာကြောင့် သတိထားလုပ်ကိုင်နေရပါတယ်” ဟု မီးသတ်ဌာနအကြီးအကဲက ဖြည့်စွက်ပြောဆိုခဲ့သည်။

ပြိုကျခဲ့သည့် ယင်းလူကူးတံတားအား ပြီးခဲ့သော ၂၀၁၇ ခုနှစ် နွေဦးကမှ စတင်ဆောက်လုပ်ထားခဲ့ခြင်းဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ် နှစ်စတွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာ ၁၄.၂ သန်းခန့် အကုန်ကျခံ၍ တည်ဆောက်ထားခဲ့သော ယင်းတံတားသည် အလုပ်သမား များ၊ လမ်းသွားလမ်းလာများနှင့် ခရီးဝေးအလုပ်ဆင်းသူများ၏ ကြုံတွေ့နိုင်သောအန္တရာယ်များနှင့် ယာဉ်ကြော ကြပ်တည်းမှုများကို လျှော့ချပေးနိုင်မည်ဟု တာဝန်ရှိသူများက မျှော်မှန်းထားခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly