ဘာသာပြန် စာရေးဆရာ

ဘာသာပြန် စာရေးဆရာ

ဘာသာပြန် ဆိုမှတော့ စာရေးဆရာလား။

ဒါ့ကြောင့် ကျွန်တော့်ဆရာတွေက ပြောတာ ‘ဘာသာပြန်သူ’ လုပ်စမ်းပါ၊ ‘စာရေးဆရာ’ မှ မဟုတ်တာတဲ့။

သိပ်ဟုတ်ဗျာ။ စဉ်းစားဉာဏ် ကြီးလိုက်တဲ့ ဆရာတွေဗျာ။ တကယ်တော့ ကျွန်တော့်ဆရာတွေ က သိပ် ဦးနှောက်ကြီးတာ၊ ခုဆို ငမိုးညိုမြ ကိုးကွယ်ရာ ပြောင်းရတော့မယ်။ မဟာဦးနှောက်ရှင် ကျွန်တော့် ဆရာတွေကိုပဲ ကိုးကွယ်တော့မယ်။

ဆရာသမားတို့ရဲ့ ဦးနှောက်က ကြီးတယ်ဗျာ၊ ခင်ဗျားတို့ ကျွန်တော်တို့ ဦးနှောက်ထက် ကြီးတယ်။ လူ သာမန်ဦးနှောက်ထက် ပိုကြီးတယ်ပဲ ခပ်တိုတို ဆိုပါစို့ဗျာ။ ပသီပုံပြင်ဆိုတာ မူရင်းက အာရဗီဘာသာ နဲ့ရေးထားတာ၊ အဲသည် One Thousand and One Nights ဆိုတဲ့ အရှေ့အလယ်ပိုင်း၊ အနောက်နဲ့ တောင်အာရှနိုင်ငံတွေက ပုံပြင်တွေ စုစည်း ထားတဲ့ စာအုပ်ကို The Arabian Nights ဆိုပြီး ၁၈ ရာစု အစပိုင်းမှာ အင်္ဂလိပ်ဘာသာပြန်တယ်၊ အားအားယားယားဗျာ။ ကိုယ့်ဖာသာ ရေးကြပါလား။ အဲသဟာကြီးကို တစ်ထောင့်တစ်ည ပသီ ပုံပြင်များ ဆိုပြီး မြန်မာပြန်တယ်ဗျာ။ ဘာသာပြန်တော့ အင်္ဂလိပ်စာ မတတ်တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဖတ်ရတာပေါ့။

ကဲ…ဖတ်ရတော့ ဘာဖြစ်သလဲ၊ မျက်စိညောင်းတာပေါ့နော။ ဗဟုသုတ လား… ခေါက်ထား စမ်းပါဗျာ။ ဗဟုသုတ အသိအမြင် မကျယ်တော့ကော ဘာဖြစ်သလဲ၊ မြန်မာဗျာ…မြန်မာလို သိရင် ပြီးရောပေါ့ …ဟုတ်တယ် ဟုတ်။

War and Peace တဲ့၊ ရှိသေးတယ်။ မူရင်းစာရေးဆရာက ရုရှားက စာရေးဆရာကြီး လီယို တော်စတွိုင်း(Leo Tolstoy)။ သူက သူ့ဖာသာ မနေနိုင် မထိုင်နိုင် ရုရှဘာသာနဲ့ ရေးတယ်။ အတွဲ တွေမှ အများကြီး၊ ပထမ ပုံနှိပ်ခြင်းမှာ စာမျက်နှာ ၁,၂၂၅ မျက်နှာ ရှိတယ် ဆိုတယ်။ ဒါကို ပြင်သစ် ဘာသာ ပြန်ကြ၊ အင်္ဂလိပ်ဘာသာ ပြန်ကြ၊ တစ်ကမ္ဘာလုံး ဘာသာပေါင်းစုံ ပြန်ကြနဲ့ အလုပ်မရှိ အလုပ်ရှာလို့ဗျာ။
ကဲ…ဒါကြီးကို စစ်နဲ့ ငြိမ်းချမ်းရေး ဆိုပြီး မြန်မာလို ပြန်ကြပြန်ရော။ ဘာသာပြန်တော့ မူရင်း စာအုပ်ကြီး မဖတ်နိုင်ကြတဲ့ ကိုရွှေမြန်မာတို့က ဖတ်ကြရတယ်ဗျာ။ စစ်ရဲ့ အနိဋ္ဌာရုံတွေ တနင့်နင့် ခံစားသိရှိပြီး စစ်ဆိုတာကြီး ကို မုန်းသွားတယ်၊ ငြိမ်းချမ်းရေးကို မြတ်နိုးရကောင်းမှန်း သိလာကြ တယ်လား။

မေ့ထားလိုက်စမ်းပါဗျာ။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ စာလေး တစ်ကြောင်း နှစ်ကြောင်း ကောက်ခြစ်ရေးချလိုက်၊ ဖတ်ရတဲ့သူတွေ စစ်ကို မုန်းသွားရမယ်၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသွား ရမယ်။ ဒါမျိုးကို ဖန်တီးရမှာဗျ။

နေစမ်းပါဦး၊ မင်းက အဲဒါမျိုး ဖန်တီးဖူးလို့လားလို့ မမေးနဲ့။ မဖန်တီးနိုင်သေးလို့ ကျွန်တော့ဆရာ မဟာ ဦးနှောက်ရှင်ကြီးတွေကို ကိုးကွယ်ထားတာ။ ဆရာတွေ ဖန်တီးလိမ့်မယ်၊ မပူပါနဲ့။ ကဝိဈာန် ဆိုတာ ရလိုက်ရင် တစ်ချက်တည်းနဲ့ ဟုန်းကနဲပဲ။

နိုဘယ်ဆုရှင် ဘင်္ဂါလီစာရေးဆရာကြီး ရာဘင်ဒြာနတ် တဂိုး(Rabindranath Tagore) က စာကောင်း ပေမွန်တွေ ရေးတယ်။ ဆရာကြီး တဂိုးက သူ့စာတွေကို ဘင်္ဂါလီဘာသာနဲ့လည်း ရေး တယ်။ အင်္ဂလိပ် လိုလည်း ရေးတယ်။ အဲသည်စာတွေကြောင့် စာပေနိုဘယ်ဆု ရခဲ့တယ်။

တဂိုးရဲ့ စာတွေကို ဘာသာပြန်ကြတယ်။ ဂီတဉ္ဇလီ(Gitanjali) ဆိုတာ သိပ်ကို ကျော်ကြားတာ စာပေ ဝါသနာရှင်တွေ သိကြပါတယ်။ ဟုတ်ပါတယ်။ ဘာသာပြန်လို့ မြန်မာပြည်သူအများစု သိရတာလည်း မှန်ပါတယ်။

သည်ကျေးဇူးတွေ ရှိတာလောက်နဲ့ ဘာသာပြန်သူတွေကို စာရေးဆရာ၊ စာပေပညာရှင်လို့ သတ်မှတ်ရတော့မလား။ အရင်က ကျွန်တော် အရှင်ဦးသြဘာသကို အရမ်း လေးစားကိုးကွယ်ခဲ့တယ်။ တေ ဇ သု နေ မ ဘူ စန် နာ ဝိ ဝေ(တေမိ၊ ဇနက၊ သုဝဏ္ဏသာမ၊ နေမိ၊ မဟော်သဓာ၊ ဘူရိဒတ်၊ စန္ဒကုမာရ၊ နာရဒ၊ ဝိဓူရ၊ ဝေဿန္တရာဇာတ်) ဆိုပြီး ဇာတ်ကြီး ဆယ်ဘွဲ့ရှိတာ ရှစ် ဘွဲ့ကို စာအုပ်တွေ ရေးသွားတယ်။ ဆရာတော် မရေးလိုက်နိုင်တာ ဇာတ်ကြီး နှစ်ဘွဲ့ ပဲ ရှိတယ်။ အဲသည် နှစ်ဘွဲ့ကို တခြားဆရာတော် နှစ်ပါးက ရေးသွားတယ်။

ပညာဉာဏ်ကြီးပုံကို ပေါ်လွင်အောင် မဟော်သဓာဇာတ်တော်မှာ အရှင်ဦးသြဘာသက ရေးပြသွားတယ်။ လူသား အားမာန်ကို အားကျအတုယူဖွယ်ဖြစ်အောင် ဇနကဇာတ်တော်မှာ ခြယ်မှုန်းသွားတယ်။
မြန်မာဝါကျရှည်ကြီးတွေကို စာမျက်နှာ နှစ်မျက်နှာ သုံးမျက်နှာနီးပါးကို ဝါကျဆက် သမ္ဗန္ဓတွေ နဲ့ တေမိဇာတ်မှာ ရေးသွားတာများ လက်ဖျားခါလောက်တယ်။ ဝင်းဦးရဲ့ မိန်းမလှအမုန်းထဲက ဝါကျရှည်တွေလောက်များ သနားတယ်။

ဟော…တိုဦးမလား၊ အားလုံး သြချလောက်အောင် ချစ်စရာ ဝါကျတိုလေးတွေနဲ့ ဟိမဝန္တာ ချီးမွမ်းခန်း ဖွင့်သွားတဲ့ ဝေဿန္တရာဇာတ်တော်ကြီးက မြန်မာစာအရေးအသားတွေ ကောင်းမှ ကောင်းဗျာ။ ခုထိ ဖတ်လို့ မငြီးနိုင်အောင်ပဲ။

သည်လောက်တောင် တော်လှချည့် ဆိုတဲ့ အရှင်ဦးသြဘာသကို အထင်ကြီး လေးစားမိခဲ့တာ ငမိုးညိုမြ အမှားကြီး မှားပါပေါ့လား ခင်ဗျာ။ တကယ်တော့ အရှင်ဦးသြဘာသက ကျွန်တော့်ဆရာများပြော သလိုဆို စာရေးဆရာ စာပေပညာရှင်မှ မဟုတ်တာပဲဗျာ။ ပါဠိဘာသာနဲ့ ရေးထားတဲ့ ဇာတကတွေကို မြန်မာပြန်ထားသမို့ ဘာသာပြန်သူပဲပေါ့ခင်ဗျာ။

နေစမ်းပါဦး မောင်မိုးညိုမြရယ်…တို့က မျက်စိကျယ်ကျယ် ဖွင့်ပြီး ကမ္ဘာကြီးကို လေ့လာနေရ မှာ၊ ကမ္ဘာကြီးက ကောင်းတာတွေကို သင်ယူနေရမှာ မဟုတ်ဘူးလား။ ဘာသာပြန်တယ်ဆိုတာ မူရင်းစာကို ဖန်တီးတဲ့ စာရေးဆရာရဲ့ အာဘော်ကို မိအောင်၊ သူပေး တဲ့ ရသကို ဖမ်းဆုပ်နိုင်အောင်၊ ဆိုလိုချက်ကို တင်းကနဲ(လျော့ရိလျော့ရဲ မဟုတ်ဘဲ) ပေါ်လွင်အောင် ပြန်ဆိုပေးရတာ မဟုတ်ဘူးလား။
ဘာသာခြားစကား တတ်ရုံနဲ့ မြန်မာလို ပြန်လို့ရတယ်များ မင်းထင်နေလို့လား။ ဘာသာပြန် အတတ်ပညာ ဆိုတာ ဖန်တီးမှုအနုပညာ(Art) တစ်ရပ်မှန်း မင်းသိရဲ့လား။ ဖန်တီးမှုအနုပညာ သုံးပြီး ဘာသာပြန်ရတာကို မင်း ဘယ်လောက် နားလည်လို့ ဘာသာပြန်တဲ့သူကို စာရေးဆရာ မဟုတ်ဘူး အော်နေရတာလဲ မမေးပါနဲ့။

နားလည်ဖို့ မလိုပါဘူး၊ မလည်လည်း ဘာမှ မဖြစ်ဘူးဗျာ။ ဖန်တီးမှုအတတ်ပညာနဲ့ ရေးသား ဘာသာပြန်ရတယ်လို့ ဆိုမလာနဲ့၊ အရှင်ဦးသြဘာသတောင် ဘာသာပြန်သူပဲ။ ကျွန်တော့် ဆရာတွေကပြော တယ်။ အင်္ဂလိပ်က ပြန်၊ ပြင်သစ်က ပြန်၊ ရုရှားက ပြန်၊ ပါဠိက ပြန်၊ သက္ကတက ပြန်၊ ဘယ်က ပြန်ပြန် ဘာသာပြန်ရင် စာရေးဆရာ မဟုတ်ဘူး၊ ဘာသာပြန်သူတဲ့၊ ဒါပဲ။ ဦးနှောက်ကြီးတဲ့ မဟာ ပညာကျော် ကဝိအမော် ကျွန်တော့်ဆရာတွေ ပြောတာနော်။