မြန်မာတစ်နိုင်ငံလုံးတွင် ဓာတုဆေးဝါးကင်းစင်သော အော်ဂဲနစ်စိုက်ပျိုးရေး ၅ ရာခိုင်နှုန်းသာရှိ

မြန်မာတစ်နိုင်ငံလုံးတွင် ဓာတုဆေးဝါးကင်းစင်သော အော်ဂဲနစ်စိုက်ပျိုးရေး ၅ ရာခိုင်နှုန်းသာရှိ

ရန်ကုန်၊ မတ် ၁၅ ။                                ။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် အော်ဂဲလ်နစ်စိုက်ပျိုးရေး ၅ရာခိုင်နှုန်းခန့်ရှိနေခြင်းကြောင့် အစိုးရအနေဖြင့် အားပေးကူညီရန် လိုအပ်နေသည်ဟု စားသုံးသူကာကွယ်ရေးအသင်း၏ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

"ဆရာတို့ကတော့ ရာခိုင်နူန်းနဲ့ တွက်တာပေါ့။ ဒါကတော့ တစ်နိုင်ငံလုံးရဲ့စိုက်ဧက ဘယ်လောက်ရှိလဲ။ စာရင်း ကောက်မှရမယ် ။ တစ်နိုင်ငံလုံးစိုက်ဧကရဲ့ ငါးရာခိုင်နူန်းတောင် မပြည့်ချင်ဘူး Organic Farming က ။  ၅ ရာခိုင်နူန်းကတော့ အော်ဂဲနစ်ပညာရှင်တွေကနေ ရတဲ့ရလဒ်တွေပေ့ါ "ဟု စားသုံးသူကာကွယ်ရေး အသင်း၏ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။

အဆိုပါ ၅ ရာခိုင်နှုန်းတွင် မုန်ညင်း၊ ကိုက်လန်၊ ဗူးသီး၊ ဗူးရွက်၊ ခရမ်းချဉ်သီး စသည့် စားသုံးသီးနှံများကို စိုက်ပျိုးထားခြင်း ဖြစ်သည်ဟု သိရပြီး အော်ဂဲနစ်သီးနှံသည် ဓာတုဆေးဝါးကင်းစင်ပြီး သဘာဝနည်းစနစ် အတိုင်းသာ စိုက်ပျိုးထား သော သီးနှံများ ဖြစ်သည်။  

အော်ဂဲလ်နစ်အသီးအနှံဖြစ်မဖြစ်ကို ဓာတ်ခွဲခန်းတွင်စစ်ဆေး၍ ပါဝင်သည့် ဓာတ်အတိအကျ သိနိုင်မည် ဖြစ်သော်လည်း အော်ဂဲလ်နစ်ဖြစ်မဖြစ် မျက်မြင် ရွေးချယ်ဝယ်ယူနိုင်သည်ဟု စားသုံးသူကာကွယ်ရေး အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးစိုးလွင်ကဆိုသည်။

"သာမန်မျက်စိနဲ့ကြည့်မယ်ဆိုရင် ပိုးပေါက်တွေအဓိကများမယ် ။ ဟင်းရွက်တွေအကုန်လုံးက မလှမပဘူးပေါ့ ကွာ ။ ဟင်းရွက်လှလှပပလေးတွေက ပိုးသက်ဆေးတွေဖြန်းထားတယ် ”ဟု ဦးစိုးလွင်က ပြောသည်။

အများအားဖြင့် အော်ဂဲနစ်သီးနှံများသည် မလှပဘဲ သာမန်ဟင်းသီးဟင်းရွက်ပုံစံဖြစ်ပြီး ပိုးသတ်ဆေး ဖြန်းထားသော ဟင်းရွက်များသည် အများအားဖြင့် လှပလတ်ဆတ်သော ပုံစံရှိကြပြီး အော်ဂဲနစ်စိုက်ပျိုးရေးကို ထိခိုက်စေမည့် အသီးအနှံများမှည့်ဆေး၊ ကြာရှည်ခံဆေး စသည့်တရားမဝင်ဆေးများကိုလည်း စိုက်ပျိုးရေးဆိုင်များတွင် အလွယ်တကူရရှိနိုင်သည်ဟု သိရသည်။

ဈေးဝယ်သူများအနေဖြင့် လက်ရှိ အသီးအနှံများ၏ ၇၅ ရာခိုင်နှုန်းသည် ဓာတုပိုးသတ်ဆေးအကြွင်းအကျန်များ ကျန်ရှိနေနိုင်ကြောင်း  အိမ်အတွက် ဈေးဝယ်သူတစ်ဦးဖြစ်သည့် ဦးလှစိုးက သူ့အမြင်ကိုပြောသည်။

"ထင်တယ် ၇၅ရာခိုင်နူန်း ၈၀ရာခိုင်နူန်းလောက်ဟာ ပိုးသတ်ဆေးဓာတ်ကြွင်းနဲ့မကင်းနိုင်ဘူး ။ ဒီလိုအချိန်မှာ အော်ဂဲလ်နစ်အစားအစာအစစ်တွေနဲ့တွေ့တော့ အဲဒါကိုသဘောကျလို့ဝယ်ပြီးအိမ်မှာ စားမှာပါ"ဟု ဦးလှစိုးက ပြောသည်။

စားသုံးသူကာကွယ်ရေးအသင်းက မတ်လ ၁၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (၅၈)ကြိမ်မြောက်အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် စားသုံးသူပညာပေးမှုများ၊ အော်ဂဲနစ် အသီးအနှံများ ရောင်းချခဲ့သည်။

အော်ဂဲနစ်သီးနှံရောင်းချသည့်စိုက်ပျိုးရေးလုပ်ငန်းများ၏ အရေအတွက်အတိအကျမသိရသော်လည်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ   အော်ဂဲနစ်သီးနှံ စိုက်ပျိုးရောင်းချနေသည့် စိုက်ပျိုးရေးကုမ္ပဏီ(၃)ခုက ပါဝင်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly