ပြန်လည်ထူထောင်ရေး၏ အဓိကလိုအပ်ချက်များ

ပြန်လည်ထူထောင်ရေး၏ အဓိကလိုအပ်ချက်များ

မိမိတို့နိုင်ငံတွင် ရေဘေးကြီး ကျရောက်လာခဲ့ပြီးနောက် ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးများ နိုင်ငံနှင့်အဝှမ်း ဆောင်ရွက်ခဲ့ကြသည်ကို အားလုံးအသိပင် ဖြစ်သည်။ ဤ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို သာမာန်ပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့များ နှင့် ပရဟိတစိတ်ရှိသူ ရဟန်းတော်များ၊ လူငယ်များက အားကြိုးမာန်တက်ဆောင်ရွက် ခဲ့ကြခြင်းဖြစ်သည်။

သိသိသာသာ သတိပြုမိသည့်အချက်မှာ ဒေသအလိုက် တာဝန်ရှိသူများနှင့် တာဝန်ရှိအဖွဲ့အ စည်းများသည် ကူညီမှု အထနှေးခဲ့ကြသည်ဟူသည့် ဝေဖန်မှုများလည်း ရှိခဲ့သည်။ သတင်းဌာနများက ထိုတာဝန် ရှိသူများနှင့် ထိတွေ့ သတင်းယူသောအခါတွင်လည်း ယင်းတို့၏ စီမံထားရှိမှု အခင်းအကျင်း များကိုသာ အဓိကထား ပြန်လည်ဖြေကြားကြပြီး မည်သည့်အတိုင်းအတာနှင့် မည်ကဲ့သို့ဆောင်ရွက်နေသည်ဟူ သည့် လက်တွေ့ အကောင်အထည်ဖော်မှုများကိုမူ ရေရာတိကျစွာ ဖြေကြားနိုင်ခြင်း မရှိခဲ့ ချေ။

ယခုအချိန်တွင်မူ ကူညီကယ်ဆယ်ရေးလုပ်ငန်းမှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အဆင့် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ပြန်လည်ထူထောင်ရေး လုပ်မည်ဆိုလျှင် ပထမ လက်ဦးမဆွ ဆောင်ရွက်ခဲ့ကြ သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနည်းတူ လိုအပ်သော သတင်းအချက်အလက်များ၊ ဒေသအ ခင်းအကျင်းများနှင့် တကယ်လိုအပ်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဦးစွာပထမ ကိန်းဂဏန်းနှင့် တကွ ပြုစုနိုင်ဖို့ လိုအပ်သည်။ သည်နေရာတွင်လည်း သက်ဆိုင်ရာ နယ်မြေတာဝန်ရှိသူများ က အသိရှိရှိ ဦးဆောင်၍ဖြစ်စေ၊ ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့်ဖြစ်စေ ဆောင်ရွက်ရန် အလိုအပ် ဆုံးဖြစ်သည်။ ထိုနည်းအားဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်စဉ်က အများ၏ ဝေဖန်ထောက်ပြမှုမျိုးကို ရှောင်ရှားနိုင်မည် ဖြစ်သည်။

ယခုအခါ ရေဘေးသင့်ပြည်သူများ အဓိကလိုအပ်ချက်မှာ နေအိမ်အဆောက်အအုံများ၊ ရေ တွင်းများ၊ အိမ်သာများ အစရှိသော နေထိုင်မှု အခင်းအကျင်းများ ဖြစ်သည်။ ဒေသဆိုင်ရာ ပရဟိတ အဖွဲ့များသည် မပြီးပြတ်သေးသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရင်းမှပင် ပြန်လည် ထူထောင်ရေး လက်ဦးပထမအပိုင်းကို ဆောင်ရွက်ကြရမည် ဖြစ်သည်။ လိုအပ်သော သတင်း အချက်အလက်များကို အတိအကျ ပြုစုနိုင်လေလေ အလေအလွင့် နည်းပါးစေခြင်းနှင့် လိုအပ် ချက်နှင့် ဖြည့်ဆီးမှုကို အံဝင်ခွင်ကျ ဖြစ်စေမည် ဖြစ်သည်။

ကူညီကယ်ဆယ်ရေးဖြစ်စေ၊ ပြန်လည်ထူထောင်ရေးဖြစ်စေ အောင်မြင်ရန်လိုအပ်ချက်မှာ ရုပ်ဝတ္ထုပစ္စည်းများ ထောက်ပံခြင်းအပြင် စိတ်ဒဏ်ရာရခဲ့သည်ဟု ယူဆရသည့် ရေဘေးသင့်သားချင်း များကို စိတ်ဓာတ်မြှင့်တင်ပေးရေး၊ ဖေးမ အားပေးရေးကိုလည်း တပါတည်း လုပ်ဆောင်ကြရမည်သာ ဖြစ်သည်။ ရုပ်ဝတ္ထု ပစ္စည်းလိုအပ်ချက်အပြင် စိတ်ဓာတ်ကျဆင်းမှုကို ဝိုင်းဝန်းထူမပေးရမည့် လုပ်ငန်း သည်လည်း အရေးကြီးသည်။

ယခုလို ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် စိုင်းပြင်းနေကြရသည့် အချိန်တွင် ရေဘေးသင့် ပြည်သူများအတွက် ရုပ်ဝတ္ထုပစ္စည်းများ ဝိုင်းဝန်းကူညီ ဖြည့်ဆည်းပေးသည့် နည်းတူ စိတ်ဓာတ်မြှင့်တင် ကူညီရေး လုပ်ငန်းသည်လည်း အရေးကြီးသည်။

ထို့ကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစတင်ရန် ဖြစ်လာသည့် သည်လိုအချိန်မျိုးတွင် အဓိက လိုအပ်ချက်ဖြစ်သော အချက်များထဲ၌ ရေဘေးသင့်ပြည်သူများ လိုအပ်လျက်ရှိသော ရုပ်ဝတ္ထု ပစ္စည်း များထောက်ပံ့ကူညီရေးနည်းတူ စိတ်ဓာတ် ကူညီဖေးမ မြှင့်တင်ပေးရေး လုပ်ငန်းသည်လည်း တန်းတူအရေးကြီးသော ထူထောင်ရေး လုပ်ငန်းတစ်ခုဖြစ်ကြောင်း တင်ပြ အကြံပြုလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags