ဘာစီလိုနာကို (၃-၀) ဂိုးပြတ်ရှုံးနိမ့်မှုက ‘မမျှတဘူး’လို့ ချယ်လ်ဆီးနည်းပြ ကွန်တီ ပြောဆို

ဘာစီလိုနာကို (၃-၀) ဂိုးပြတ်ရှုံးနိမ့်မှုက ‘မမျှတဘူး’လို့ ချယ်လ်ဆီးနည်းပြ ကွန်တီ ပြောဆို
(ဓာတ်ပုံ - အီးပီအေ)

ချယ်လ်ဆီးနည်းပြ အန်တိုနီယို ကွန်တီက ဘာစီလိုနာအသင်းကို ၃-၀ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲတဲ့ သူ့အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ “မမျှတဘူး”လို့ ခံစားမိကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်မှာ မက်ဆီက နှစ်ဂိုး၊ ဒမ်ဘီလီက ဘာကာအတွက် သူ့ရဲ့ ပထမဆုံးသွင်းဂိုး တစ်ဂိုးနဲ့ စပိန်ဘီလူးကြီးက နှစ်ကျော့ပေါင်း ၄-၁ ဂိုးနဲ့ နိုင်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးရဲ့ ဒီရှုံးပွဲကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်အတွက် အခွင့်အရေး နည်းပါးနေတာကြောင့် ကွန်တီရဲ့ အသင်းဟာ အခုဆိုရင် ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ရောက်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

“ကျနော့်တို့မှာ နောက်တဆိုတာ မရှိပါဘူး”လို့ သူက ပြောပါတယ်။ “ခင်ဗျား ဒီပွဲကို ကြည့်ခဲ့မယ်ဆို နောက်ဆုံးရလဒ်က မမျှတဘူးဆိုတာ မြင်နိုင်ပါတယ်။”

ပထမအကျော့မှာလည်း ဂိုးသွင်းခဲ့တဲ့ မက်ဆီဟာ သူ့ရဲအသင်းနဲ့ ဘာစီလိုနာအကြား သူက “ကွဲပြားခြားနားချက်”ဖြစ်ခဲ့တယ်လို့ ကွန်တီက ဝန်ခံခဲ့ပါတယ်။

နူးကမ့်မှာ အာဂျင်တီးနားတိုက်စစ်မှူးရဲ့ ဒုတိယသွင်းဂိုးဟာ သူ့ရဲ့ ချန်ပီယံလိဂ်အတွက် ဂိုး ၁၀၀ ပြည့်မြောက် ဂိုးဖြစ်ပါတယ်။

“ကျနော်တို့က ကမ္ဘာ့အကောင်းဆုံးကစားသမားအကြောင်းကို ပြောဆိုနေတာပါ။ သူက ရာသီတိုင်း ဂိုး ၆၀ လောက် သွင်းတယ်။ စူပါထိပ်တန်းကစားသမားဖြစ်တယ်။ ဘာစီလိုနာက အလွန်လက်တွေဆန်ပါတယ်။”လို့ ကွန်တီက ဆိုပါတယ်။

“ကျနော်တို့ ၃-၀ ဂိုးဆိုတဲ့ အရှုံးရလဒ်နဲ့ မထိုက်တန်ပါဘူး”လို့ နည်းပြ ကွန်တီက ပြောကြားပါတယ်။ “ကျနော်တို့ နည်းနည်း ကံမကောင်းခဲ့ပါဘူး။ အခွင့်အရေးအများကြီး ဖန်တီးခဲ့ပေမယ့် ဒါတွေကို ကျနော်တို့က မပြောင်းလဲပစ်နိုင်ဘူးလို့ ကျနော်ထင်ပါတယ်။”

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags