ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာရှောင်ပြေးသူ ၅ သိန်းကျော် ရှိနေ

ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာရှောင်ပြေးသူ ၅ သိန်းကျော် ရှိနေ

နေပြည်တော် ၊ မတ် ၁၄ ။          ။ ရခိုင်ပြည်နယ်အတွင်းမှ ပဋိပက္ခဖြစ်စဉ်များကြောင့်  နေရပ်စွန့်ခွာ ရှောင်ပြေးနေသူ ဘင်္ဂါလီ လူဦးရေ ၅ သိန်းကျော် ရှိနေသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။
ယနေ့ နေပြည်တော်၌ ပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအခြေအနေများနှင့် ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးဆိုင်ရာကိစ္စများအားအစိုးရဘက်မှ ရှင်းလင်းပြောဆိုသည့် သတင်းစာရှင်းလင်းပွဲ၌ ဦးတင်မောင်ဆွေက ပြောဆိုခဲ့ခြင်းဖြစ်သည်။
“လက်ရှိ မောင်တောခရိုင်အတွင်းမှာနေထိုင်လျက်ရှိတာက ၄၆၉၆၆၅ ဦး ရှိပြီးတော့ နေရပ်စွန့်ခွာသွားတာ ၅၃၅၇၆၄ ဦး နေရပ်စွန့်ခွာသွားပါတယ်” ဟု ဦးတင်မောင်ဆွေက ဆိုသည်။
မြန်မာအစိုးရအနေဖြင့် နေရပ်စွန့်ခွာသွားသူများ၏ လူဦးရေ အရေအတွက်အား ပထမဆုံး ထုတ်ဖော်ပြောဆို ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးလာသည့် ဒုက္ခသည်များသည် ၆ သိန်းကျော်ခန့် ရှိနေသည်ဟု ကုလသမဂ္ဂမှ ထုတ်ပြန်ထားပြီး မြန်မာအစိုးရဘက်မှ ထုတ်ပြန်သည့် လူဦးရေနှင့် ၁ သိန်းခန့် ကွာဟနေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံအစည်းအဝေး အပြီးတွင် အိမ်ထောင်စု ၁,၆၇၃ စု ၊ လူဦးရေ ၈,၀၃၂ ဦးပါ စာရင်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ ပေးအပ်ခဲ့သည်။
ယင်းလူဦးရေ စာရင်းကို မြန်မာနိုင်ငံဘက်မှ စစ်ဆေးနေပြီး လက်ရှိအချိန်တွင် လူဦးရေ ၃၇၄ဦးကို စိစစ်ပြီးကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လည်အကြောင်းကြားထားပြီးဖြစ်ကာ မြန်မာနိုင်ငံဘက်မှ ဒုက္ခသည်များအား ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေပြီဟု ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြောဆိုခဲ့သည်။
ယင်းအပြင် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ လူအစုလိုက်အပြုံလိုက် ထွက်ပြေးသွားရသည့် အကြောင်းအရင်းမှာ စိုးရိမ်ကြောက်လန့်စိတ်များကြောင့် ထွက်ပြေးသွားခဲ့ကြခြင်း ဖြစ်ပြီး အကြမ်းဖက်မှုတွင် ပါဝင်ခဲ့ခြင်းကြောင့်သော်လည်းကောင်း ၊ သံသယဖြင့်သော်လည်းကောင်း ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် ထွက်ပြေးခြင်းဖြစ်သည်ဟု ဦးအောင်လှထွန်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly