"အိမ်အကူ အမျိုးသမီးအား အက်ဆစ်ဖြင့်ပက်သူ နှစ်ဦး ဒုတိယအကြိမ် ချုပ်မိန့်ယူ"

"အိမ်အကူ အမျိုးသမီးအား အက်ဆစ်ဖြင့်ပက်သူ နှစ်ဦး ဒုတိယအကြိမ် ချုပ်မိန့်ယူ"

မန္တလေး၊မတ် ၁၄ ။          ။ အိမ်အကူ အမျိုးသမီးငယ်တစ်ဦးအား အက်ဆစ်ဖြင့်ပက်ခြင်း၊မျက်စိတစ်ဘက်ကွယ်အောင်ပြုလုပ်ခြင်းနှင့်နေအိမ်အတွင်းပိတ်လှောင်ထားခြင်းတို့ပြုလုပ်ခဲ့သူ နှစ်ဦးကို  မတ်လ ၁၄ရက်၊မွန်းလွဲ ၂ နာရီက မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ဒုတိယအကြိမ် ချုပ်မိန့်ယူခဲ့ကြောင်းသိရသည်။
အက်စစ်နှင့် အပတ်ခံရသည့် မိန်းကလေးမှာ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်၊ နဘမ်းကြီးကျေးရွာတွင်နေထိုင်သည့် မနန်းမေဇင်ဦးဖြစ်ပြီး ၂၀၁၈ခုနှစ်၊မတ်လ ၁နေ့က ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
မနန်းမေဇင်ဦးကို ၂၀၀၈ ခုနှစ်တွင် ဒေါ်မိုးမိုးဆိုသူက ၎င်းပိုင် စတိုးဆိုင်တွင် တစ်လလျှင်တစ်သောင်းကျပ်ဖြင့် အလုပ်လုပ်ရန် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ဒေါ်မိုမိုး၏ စတိုးဆိုင်တွင် နှစ်လခန့်သာအလုပ်လုပ်ကိုင်ခဲ့ရပြီး ဆိုင်ပိတ်လိုက်သည့်အတွက် နေအိမ်တွင် အိမ်အကူအဖြစ် ဆက်လက်လုပ်ကိုင်ခိုင်းသည်။
ထိုသို့လုပ်ကိုင်နေရင်း ၂၀၁၀ ခုနှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ ဒေါ်နီနီနုနွယ်၏ မောင်က မနန်းမေဇင်ဦးအား လူငယ်သဘာဝ ချစ်ရေးဆိုခြင်းနှင့်ပက်သက်ပြီး မကျေမနပ်ဖြစ်ကာ ဒေါ်နီနီနုနွယ်က မနန်းမေဇင်ဦး ရေချိုးနေစဉ် အက်ဆစ်ဖြင့် လောင်းချခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရသည်။
အက်ဆစ်ဖြင့်လောင်းခံခဲ့ရသည့်အတွက် မနန်းမေဇင်ဦး၏ ဘယ်ဘက်ဦးခေါင်းမှစကာ တစ်ခြမ်းလုံးတွင် လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး မျက်စိတစ်ဖက်လည်း ကွယ်သွားခဲ့ကာ လက်မှာလည်း ကွေးဆန့်၍ မရသည့် အခြေအနေများသို့ရောက်ရှိသွားခဲ့သည်။ ထို့သို့ဖြစ်ပွားပြီးမနန်းမေဇင်ဦးအား အခန်းတစ်ခုအတွင်း ပိတ်လှောင်ထားခဲ့ကာ ဒဏ်ရာများသက်သာလာချိန်တွင်လည်း အိမ်ထဲမှ အိမ်ပြင်မထွက်စေဘဲ အိမ်အလုပ်များကို ဆက်လက်လုပ်ကိုင်ခိုင်းခဲ့ကြောင်းသိရသည်။
ထိုသို့လုပ်ဆောင်ခဲ့သည့် အိမ်ရှင် ဒေါ်မိုးမိုးနှင့်ဒေါ်နီနီနုနွယ်တို့ကို မန္တလေးမြို့၊အောင်ပင်လယ်နယ်မြေရဲစခန်းတွင် (ပ)၁၀၁/ ၂၀၁၈၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ ပုဒ်မ ၂၄၊၃၂တို့ဖြင့် ဖမ်းဆီး စစ်ဆေးနေခြင်းဖြစ်ပြီး ဆက်လက် စစ်ဆေးမှုများပြုလုပ်ရန်အတွက် ယနေ့တွင် ချုပ်ရက် ထပ်မံယူခြင်းဖြစ်သည်။
ချုပ်ရက်ယူခြင်းနှင့်ပတ်သက်၍ ချမ်းမြသာစည်မြို့နယ်တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက"ချမ်းမြသာစည်မြို့နယ်၊အောင်ပင်လယ်ရဲစခန်းကနေ ချုပ်မိန့်တောင်းခံထားတဲ့အမှုပေါ့နော်။ဆက်လက်ပြီးတော့ ကျွန်တော်တို့ တရားရုံးကနေပြီးတော့ ၁ ရက်နေ့ကနေစပြီးချုပ်ထားဖို့ပေါ့။ချုပ်ထားဖို့အတွက်ကျွန်တော်တို့ကို ရမန်တောင်းတယ်။ကျွန်တော်တို့ ၁ ရက်နေ့ကစပေးတယ်။အခု ဒီနေ့မှာ ဒုတိယအကြိမ် ရမန်ပေးတယ်။၂၆ရက်နေ့အထိ ဒုတိယအကြိမ် ရမန်ပေးလိုက်ပြီ။ဒုတိယအကြိမ် ရမန်စေ့ရင်တော့ ရုံးလုပ်ထုံးလုပ်နည်းအရ စီရင်ပိုင်ခွင့်ရှိတဲ့တရားရုံးမှာ တရားစွဲဆိုတင်ပို့မှာပါ။
စွဲဆိုထားတဲ့အမှုတွေကတော့ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄၊၃၂။၂၄ဆိုတာကတော့ လူကုန်ကူးတဲ့ပုဒ်မပေါ့။၃၂ဆိုတာကတော့ အဲလိုလုပ်တဲ့အပေါ်မှာ အားပေးကူညီမှုပေါ့။ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းထိရှိတယ်။၃၂ အားပေးကူညီတာကလဲ ပြစ်ဒဏ်အတူတူပဲ"ဟုပြောသည်။
ချုပ်ရက်ပြည့်မည့်  မတ်လ ၂၆ ရက်တွင် မန္တလေးခရိုင် တရားရုံးတွင် စစ်ဆေးမည်ဟုသိရသည်။ အက်ဆစ်ဖြင့် အလောင်းခံထားရသူ မနန်းမေဇင်ဦးအား လူကုန်တားရဲတပ်ဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့က ကျန်းမာရေးစောင့်ရှောက်မှုများနှင့်စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးများကို လုပ်ဆောင်ပေးနေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly