ကယားပြည်နယ်ကို ကျေးဇူးဆပ်ချင်လို့ ရွေးကောက်ပွဲဝင်တာလို့ ဦးအောင်မင်းပြော

ကယားပြည်နယ်ကို ကျေးဇူးဆပ်ချင်လို့ ရွေးကောက်ပွဲဝင်တာလို့ ဦးအောင်မင်းပြော

နေပြည်တော် (မဇ္ဈိမ) ။ ။ လာမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ခြင်းသည် ကယားပြည်နယ်ကို ကျေးဇူးဆပ်ချင်သောကြောင့် ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဩဂုတ်၂၇ က ပြည်ထောင်စုလွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။

ဝန်ကြီး ဦးအောင်မင်းသည် ကယားပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၇)တွင် အမျိုးသားလွှတ်တော်နေရာအတွက် တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ရန် အမတ်လောင်းစာရင်း တင်ထားပြီးဖြစ်သည်။

“ငြိမ်းချမ်းရေးပြတ်ရင်လေ ကျွန်တော်အားလုံးကို တာ့တာလုပ်လို့ရတယ်။ ငြိမ်းချမ်းရေးမပြတ်သေးတော့ ငြိမ်းချမ်းရေး သံယောဇဉ်နဲ့ ကျွန်တော်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခြင်းဖြစ်တယ်။ ကယားပြည်နယ်ကို ဘာလို့ရွေးလည်းဆိုတော့ ကယားပြည်နယ်မှာ ကျွန်တော် အကြာကြီးတာဝန်ထမ်းဆောင်ခဲ့ဖူးလို့ ကယားပြည်နယ်ကို ကျွန်တော်ကျေးဇူးပြန်ဆပ်ချင်တယ်” ဟု ဦးအောင်မင်းက ပြောသည်။

ဝန်ကြီးဦးအောင်မင်းသည် ၂၀၁၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တောင်ငူမြို့နယ်၊ ပြည်သူ့လွှတ်တော် နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

“ပါတီကလည်း တစ်ယောက်ရွေးထားတယ်။ အဲ့တစ်ယောက် ရွေးထားတဲ့အခါကြတော့ ကျွန်တော်က တရားမျှမျှတတပဲ သူ့ကို ဦးစားပေးလိုက်တယ်။ ပေးလိုက်တော့ ကျွန်တော်က ရွေးချယ်စရာမရှိတော့ ကျွန်တော်က တစ်သီးပုဂ္ဂလ ဖြစ်သွားတာပေါ့ဗျာ” ဟု ဗိုလ်ချုပ်ဟောင်းလည်းဖြစ်သူ ဦးအောင်မင်းက တသီးပုဂ္ဂလ ဝင်ပြိုင်ရသည့်အနေအထားကို ရှင်းပြသည်။

ဦးအောင်မင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၇)တွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးဌေးရယ်၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီမှ ဦးရောဘတ်ညေးရယ်၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)မှ ဒေါ်ပိုးမြာနှင့် ဝါရင့်အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးအောင်ကျော်စိုးတို့လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

လက်ရှိတွင် ဦးအောင်မင်းသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သလို အဆိုတော်ရဲလေး၏ ယောက္ခမ တော်စပ်သူလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly