လူငယ်နဲ့ စကားပြေအရေးအသားပြဿနာ ၄

လူငယ်နဲ့ စကားပြေအရေးအသားပြဿနာ ၄

 

ဒီကနေ့တော့ ဆွေးနွေးခဲ့ပြီးသမျှ စကားပြေအရေးအသား ကနဦးအစ လိုအပ်ချက်တွေကို ဆက်ပြီး မဆွေးနွေးသေးဘဲ ဒီရက်အတောအတွင်း အင်တာနက်လူမှုကွန်ရက်ပေါ်မှာ ဖတ်ခဲ့ကြရ တွေ့လိုက်ကြရတဲ့ စကားပြေတချို့ကိုကြည့်ပြီး ဝိုင်းဝန်းစဉ်းစား ဆွေးနွေးချင်ပါတယ်။

အဲဒီအင်တာနက်လူမှုကွန်ရက်မှာဖတ်ခဲ့ကြရတဲ့ စကားပြေပိုဒ်တွေကို စကားပြေအရေးအသားခေါင်းစဉ်အောက်မှာ တင်ပြီးဆွေးနွေးမယ်ဆိုတာ အဲဒီစကားပြေတွေကိုရေးခဲ့ကြတဲ့လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို တမင်ချိုးနှိမ်လိုခြင်းမဟုတ်ဘဲ မှားလေ့မှားထရှိတတ်တာကို စကားပြေအရေးအသား စိတ်ဝင်စားကြတဲ့လူငယ်တွေ လက်တွေ့သုံးသပ်ဆင်ခြင်လို့ရစေဖို့ကိုသာရည်ရွယ် အသုံးပြုတာဖြစ်ကြောင်း ပဏာမ ပြောထားချင်ပါတယ်။

အခု အင်တာနက်လူမှုကွန်ရက်မှာ မနေ့တနေ့ကမှ ဖတ်ခဲ့ကြရတဲ့ စကားပြေတစ်ပိုဒ်ကို စပြီး လေ့လာကြည့်ကြရအောင်ပါ။

(ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် မယ့်လိမ့်လုံစားသောက်ဆိုင် ပိုင်ရှင်အမျိုးသားကို သူ့ရဲ့ဝန်ထမ်း စားပွဲထိုးအမျိုးသားငယ်က အလိုမတူဘဲ ဓမ္မတာနဲ့ဆန့်ကျင်ပြီး အဓမ္မပြုကျင့်မှုနဲ့ မတ်လ ၁၉ ရက်နေ့က တောင်ဥက္ကလာပမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တဲ့အတွက် ဆိုင်ပိုင်ရှင်ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။)

အထက်က စကားပြေပိုဒ်ဟာ သတင်းစာမှာပါရှိတဲ့ သတင်းစကားပြေပိုဒ်ဖြစ်ပါတယ်။ နာမည်ကြီး သတင်းမီဒီယာတစ်ခုမှာတင်ခဲ့တဲ့ စကားပြေတစ်ပိုဒ်ပါပဲ။ ပထမဆုံး ပြောချင်တာကတော့ ဒီလိုမှားယွင်းရေးသားမှုမျိုးဟာ မကြာခဏဆိုသလို မှားယွင်းတတ်တဲ့ကိစ္စဖြစ်တာရယ် သတင်းရေးသူနဲ့ အယ်ဒီတာ ဒါမှမဟုတ် နောက်ထပ်တာဝန်ရှိသူကလည်း မျက်စေ့ရှမ်းပြီး ဒီအမှားအတိုင်း တင်လိုက်မိတဲ့ကိစ္စမျိုးပါပဲ။ သေသေချာချာ ဖတ်မယ်ဆိုရင် အလွယ်တကူအမှားကိုတွေ့ကြရမှာဖြစ်တဲ့အမှားမျိုးပါပဲ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ပါစေ၊ မှားပြီးဖေါ်ပြမိလို့ အဲဒီအမှားဟာ လက်လွန်သွားခဲ့ပြီဖြစ်လို့ ဘာမှမတတ်နိုင်တော့ပါဘူး။

ဒါ့အပြင် အဲသလို အမှားမျိုးတွေကို နောင်မှာလည်း ဂရုတစိုက် အလေးအနက်မထားရင်တော့ အလွယ်တကူပဲဆက်ပြီးမှားနေမှာပါပဲ။ ပိုဆိုးတာက သတင်းထောက်လူငယ်တွေနဲ့ အခြားသတင်းဖတ်သူလူငယ်တွေဟာ ဒီစာပိုဒ်ထဲက (သူ့ရဲ့ဝန်ထမ်း စားပွဲထိုးလူငယ်က )လို့ဆိုတဲ့စာကြောင်းထဲက (က)ဆိုတဲ့ နောက်ဆက်အမှားကို ခတ်ပေါ့ပေါ့သဘောထားပြီး ကိုယ့်ဖါသာကိုယ် အဓိပ္ပါယ်အမှန်ဖြည့်စွက်နားလည်ပြီးမှ ဖတ်သွားတတ်ကြတဲ့ကိစ္စက ပိုပြီးဆိုးတဲ့အကျင့်ဖြစ်လာတတ်ပါတယ်။ နောက်ဆက်အမှားကို “ဟာ ဒါလောက်တော့ရှိမှာပေါ့”ဆိုတဲ့အသိနဲ့ ခတ်ပေါ့ပေါ့သဘောထားပြီး ဖြည့်စွက်နားလည်ဖတ်ရှုလိုက်တော့ နောက်ပိုင်းမှာ ဒီလိုအမှားမျိုးထပ်မှားဖို့နဲ့ အဓိပ္ပါယ်ဖြည့်စွက်နားလည်ဖို့လည်း လွယ်ကူသွားတော့တာပေါ့။ နောက်ဆုံးထွက်တဲ့အဖြေကတော့ “အမှားကြာအမှန်ဖြစ်”ဆိုတာမျိုးတွေဖြစ်လာတတ်ပြီး အဲဒီသတင်းရေးသူသတင်းထောက်နဲ့ စာဖတ်သူလူငယ်တွေဟာ အမှားကိုပဲ အမှန်ထင်တတ်ကြပြီး ဒီလိုပဲ နောက်ဆက်တစ်ခုရဲ့အင်မတန်အရေးပါ အရာရောက်မှုကို ခတ်ပေါ့ပေါ့သဘော ထားလိုက်ကြပါတော့တယ်။ အမှန်တကယ်က အဲဒီစာပိုဒ်ထဲမှာပါတဲ့ (သူ့ရဲ့ဝန်ထမ်း စားပွဲထိုးလူငယ် “က” လို့မရေးဘဲ သူ့ရဲ့စားပွဲထိုးလူငယ် “အား” လို့ရေးရမှာပါ။ “က” နောက်ဆက်နေရာမှာ “အား”နောက်ဆက်အမှန်နဲ့ရေးရမှာပါ။ အခုတော့ နောက်ဆက်မှားရေးတော့ ပြစ်မှုကျူးလွန်တဲ့ ဆိုင်ပိုင်ရှင်ကိုပဲ ကျူးလွန်ခံရတဲ့ ဆိုင်ဝန်ထမ်းက ပြန်ပြီး ပြုကျင့်သလို အဓိပ္ပါယ်သက်ရောက်နေတာ တွေ့ကြရပါလိမ့်မယ်။

ကဲ နောက်ထပ်ပြီး စကားပြေအမှားတစ်ခုကို ဆက်ပြီးလေ့လာကြရအောင်ပါ။ ဒါကတော့ သတင်းခေါင်းစဉ်အရေးမှား တစ်ခုပါပဲ။

သတင်းတစ်ပုဒ်မှာ ခေါင်းစဉ်ကို ဒီလိုရေးတာတွေ့ရပါတယ်။

 ( ငှက်ပျောပင်မှ ထူးဆန်းစွာ ငှက်ပျောခိုင်ထွက်) ဆိုတဲ့သတင်းခေါင်းစဉ်ပါပဲ။ ဒီသတင်းခေါင်းစဉ်ကို ရေးထားတဲ့အတိုင်းသာဖတ်မယ်ဆိုရင် လူရယ်စရာဖြစ်စေမှာ အမှန်ပါပဲ။ ငှက်ပျောပင်က ငှက်ပျောခိုင်ထွက်မှာပေါ့။ တခြားဘာထွက်စရာအကြောင်းရှိမှာလဲ။ ငှက်ပျောပင်က ငှက်ပျောခိုင်ထွက်တာ ဘာဆန်းသလဲ။ ဒါကိုပဲ “ငှက်ပျောပင်မှ ထူးဆန်းစွာ ငှက်ပျောခိုင်ထွက်”လို့ခေါင်းစဉ်တပ်လိုက်တော့ စာဖတ်သူတွေအဖို့ ရယ်စရာဖြစ်စေတော့တာပေါ့။

သတင်းတစ်ပုဒ်လုံးကိုဖတ်ကြည့်တဲ့အခါကြမှ ငှက်ပျောပင်တစ်ပင်က ထွက်လာတဲ့ငှက်ပျောခိုင်ဟာ ထွက်ရိုးထွက်စဉ် ပုံမှန်မဟုတ်ဘဲ ငှက်ပျောခိုင်တွေ အစုအပြုံလိုက် ဇောက်ထိုးမိုးမျှော် ထန်းသီးတွေသီးသလို ထွက်နေတဲ့အကြောင်း ရေးထားတဲ့သတင်းဖြစ်နေတာ ဖတ်ကြရပါတယ်။ အဲဒီ သဘာဝမကျတဲ့ပုံစံနဲ့ ထွက်နေတဲ့ ငှက်ပျောခိုင်ကိုလည်း ဓါတ်ပုံနဲ့တွဲပြီး ဖေါ်ပြထားပါသေးတယ်။ အဲဒီအခါကြမှပဲ ဒီငှက်ပျောပင်ဟာ ငှက်ပျောခိုင်ထွက်ပုံ ထွက်ရိုးထွက်စဉ်မဟုတ်ဘဲ ထူးခြားဆန်းပြားစွာ ငှက်ပျောခိုင်တွေ အစုအပြုံလိုက် ဇောက်ထိုးမိုးမျှော်ထွက်နေတာဖြစ်လို့ သတင်းခေါင်းစဉ်ကို အဲသလိုတပ်လိုက် ရေးလိုက်တာဖြစ်တာပါလားဆိုတာ သဘောပေါက်ရပါတော့တယ်။ ဒါပေမယ့်လည်း အဲသလိုသတင်းခေါင်းစဉ်တပ်ရင်တော့ ခေါင်းစဉ်ရဲ့သီးသန့်အဓိပ္ပါယ်အရ ကောက်ယူရင်တော့ စာဖတ်သူကို “ငှက်ပျောပင်က ငှက်ပျောခိုင်ထွက်တာ ဘာဆန်းလို့လည်း”ဆိုတဲ့အသိကို နှိုးဆော်ပေးရာရောက်တဲ့ ခေါင်းစဉ်ဖြစ်နေတာ တွေ့ကြရမှာပါ။ အဲသလို သတင်းခေါင်းစဉ် အဲသလို အရေးအသားဟာ အဓိပ္ပါယ်ချို့တဲ့ ခေါင်းစဉ် အဓိပ္ပါယ်တခြမ်းခေါင်းစဉ် အဓိပ္ပါယ်မပြည့်စုံတဲ့ခေါင်းစဉ်ဖြစ်တယ်လို့ ပြောကြရမှာပဲ။ သတင်းခေါင်းစဉ်ဟာ တိုတိုတုတ်တုတ် ရေးကြရမှာ အမှန်ဖြစ်ပေမယ့် အဓိပ္ပါယ်က ခြုံငုံမိတဲ့ခေါင်းစဉ်ဖြစ်ဖို့ လိုအပ်ပါတယ်။ အမှန်က “သဘာဝမကျတဲ့နည်းနဲ့ ငှက်ပျောခိုင်များထွက်ရှိ” ဆိုပြီး ခေါင်းစဉ်ရေးရမှာပဲ ဖြစ်ပါတယ်။ နောက်ထပ် ဥပမာ တစ်ခုရှိပါသေးတယ်။ “ပဲခူးမြို့တွင် လူတစ်ဦးသေဆုံး” လို့ရေးထားတဲ့ သတင်းခေါင်းစဉ်ဆိုပါတော့။ လူတစ်ယောက်သေတာ ဆန်းသလား။ လူသေတာ သတင်းဖြစ်သလားလို့ စာဖတ်သူတိုင်းတွေးကုန်ကြမှာ အမှန်ပါပဲ။ ဒါကို သတင်းကိုယ်ထည်ကြမှ ကားတိုက်လို့ ဒါမှမဟုတ် ရေနစ်လို့ မီးလောင်လို့ အစရှိသဖြင့် ပြည့်စုံအောင်ရေးထားဖတ်ကြရတော့မှပဲ စာဖတ်သူများက အဓိပ္ပါယ်ကို နားလည်ကြရပါတော့တယ်။ ဒါကြောင့်မို့ လူတစ်ဦးသေဆုံး လို့ ခေါင်းစဉ်တပ်ရင်လည်း ရတာပဲဆိုပြီး ခတ်ပေါ့ပေါ့တွေးပြီး ခေါင်းစဉ်တပ်လိုက်တဲ့သဘောပါပဲ။ ဒါလည်း ဆိုလိုရင်းအဓိပ္ပါယ် ချို့တဲ့နေသောခေါင်းစဉ်ပဲဖြစ်ပါတယ်။

ကဲ ဒီကနေ့တော့ ဒီလောက်ပါပဲ။

စာဖတ်သူလူငယ်များအနေနဲ့ နေ့စဉ်ဖတ်ရှုနေကြရတဲ့ စကားပြေအရေးအသားတွေထဲက အလွယ်တကူဖေါ့တွေးပြီးရေးလို့ အရေးမှား စကားပြေတချို့အပေါ် သင်ခန်းစာယူနိုင်ကြပါစေ။

မှန်ကန်တဲ့ဝါကျအထားအသိုနဲ့ အဓိပါ္ပယ်ပြည့်စုံတဲ့ စာကြောင်းများ၊ စကားပြေများ ရေးနိုင်ကြပါစေ။

နောက်တကြိမ်ထပ်ပြီး ပျော်ရွှင်စွာပြန်ဆုံကြပါစို့။

 

Mizzima Weekly