အန္တာတိတ်ဒေသ၌ ပိတ်မိနေသော အမေရိကန်သိပ္ပံပညာရှင်များကို အာဂျင်တီးနားရေတပ် ကယ်ဆယ်

အန္တာတိတ်ဒေသ၌ ပိတ်မိနေသော အမေရိကန်သိပ္ပံပညာရှင်များကို အာဂျင်တီးနားရေတပ် ကယ်ဆယ်

 

အာဂျင်တီးနား၊ မတ် ၁၄ ။                             ။ တောင်ဝင်ရိုးစွန်းဒေသဖြစ်သော အန္တာတိတ်ရှိ လေ့လာရေးစခန်းမှ အမေရိကန်သိပ္ပံပညာရှင်များကို ခေါ်ဆောင် ရန်ထွက်လာသည့် အမေရိကန်ရေခဲပြင်ခွဲသင်္ဘောကြီးသည် ပင်လယ်တွင်းရှိ ထူထပ်လှသောရေခဲတုံးကြီးများကို ကျော်လွှားနိုင်ခြင်းမရှိပဲ အချိန်မီရောက်မလာနိုင်သည့်အတွက် ပိတ်မိနေသော သိပ္ပံပညာရှင် ၄ ဦးနှင့် ကန်ထရိုက်တာတစ်ဦးကို အာဂျင်တီးနားရေတပ်က အင်္ဂါနေ့က ကယ်ဆယ်ခဲ့သည်။

အမေရိကန်သိပ္ပံပညာရှင် ၄ ဦးနှင့် ကန်ထရိုက်တာတစ်ဦးတို့သည် အန္တာတိတ်ကျွန်းဆွယ်၏ အရှေ့မြောက် ပိုင်းအစွန်းမှ ရွိုင်းဗီလီကျွန်းပေါ်၌ လေ့လာရေးများပြုလုပ်ရန် ရောက်ရှိနေခဲ့ကြခြင်းဖြစ်သည်။

သူတို့ ၅ ဦးအား ရဟတ်ယာဉ်နှင့်ခေါ်ဆောင်ပြီး အာဂျင်တီးနားရေခွဲပြင်ခွဲသင်္ဘောကြီးဖြစ်သည့် အယ်လ်မီရန်တီ အိုင်ရစ်ဇာပေါ်သို့ တင်ပေးခဲ့ကာ ၅ ဦးစလုံး ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။

ဒါ့အပြင် အာဂျင်တီးနားကယ်ဆယ်ရေးအဖွဲ့သည် ကီလိုဂရမ် ၄၀၀ ခန့်လေးသော ပစ္စည်းကရိယာများနှင့် သိပ္ပံပညာရှင်အဖွဲ့ကို ၂နာရီခွဲခန့်ကြာမြင့်အောင် ကယ်ဆယ်ခဲ့ရကြောင်း တာဝန်ရှိသူများက ဆိုခဲ့သည်။

အမေရိကန်၏တောင်ဝင်ရိုးစွန်း အန္တာတိတ်ဒေသပရိုဂရမ်အဖွဲ့သည် ၎င်းတို့၏လေ့လာရေးသင်္ဘောကြီးဖြစ်သော လောရင့်စ်အမ်ဂိုးလ်အနေဖြင့် ရွိုင်းဗီလီကျွန်းအနားရှိ ၈ မိုင်ခန့်ရှည်လျားသော ပင်လယ်ရေခဲတုံးကြီးများကို ကျော်လွှားနိုင်ခြင်းမရှိသည့်အတွက် အာဂျင်တီးနားရေတပ်ကို အရေးပေါ်အကူအညီတောင်းခံခဲ့ရခြင်းဖြစ်သည်။

အာဂျင်တီးနား၏ အယ်လ်မီရန်တီအိုင်ရစ်ဇာ သင်္ဘောကြီးသည် ကင်းဂျော့ကျွန်းပေါ်ရှိ ကာလင်နီလေ့လာရေး အခြေစိုက်စခန်း၌ ရှိနေခဲ့ပြီး အကူအညီပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း အာဂျင်တီးနား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့သည်။

ဒါ့အပြင် အာဂျင်တီးနားရေတပ်ကလည်း ၎င်းတို့၏တရားဝင် တွစ်တာအကောင့်၌ ကယ်ဆယ်ရေးအဖွဲ့၏ ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်နေသော ဗီဒီယိုဖိုင်အား တင်ခဲ့သည်။

ကယ်ဆယ်ထားသော အမေရိကန်သိပ္ပံပညာရှင်အဖွဲ့ကို ရာသီဥတုကောင်းမွန်သည်နှင့်တစ်ပြိုင်နက် အမေရိကန်ပိုင် လောရင့်စ်အမ်ဂိုးလ်သင်္ဘောကြီးပေါ်သို့ ပို့ဆောင်ပေးမည်ဟု အာဂျင်တီးနားတာဝန်ရှိသူများက ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags