မန်ယူအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထွက်ခွာစေခဲ့တဲ့ ဆီဗီလာ၊ အဝေးဂိုးနဲ့ နောက်တစ်ဆင့်တက်တဲ့ ရိုမား

မန်ယူအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထွက်ခွာစေခဲ့တဲ့ ဆီဗီလာ၊ အဝေးဂိုးနဲ့ နောက်တစ်ဆင့်တက်တဲ့ ရိုမား
(ဓာတ်ပုံ - အီးပီအေ)

ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ မန်ယူအသင်းက ဆီဗီလာအသင်းကို အိမ်ကွင်မှာ ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ရိုးမားက ရှက်တာဒိုးနက်ကို အိမ်ကွင်းမှာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ဆီဗီလာနဲ့ ရိုမားတို့ ကွာတားဖိုင်နယ်အဆင့်ကို အသီးသီးတက်ရောက်နိုင်ခဲ့ကြပါတယ်။

မန်ယူ ၁-၂ ဆီဗီလာ
လူကာကူ ၈၄’ - ဘင်ယက်ဒါ ၇၄’၊ ၇၈’
(နှစ်ကျော့ပိုင်း ၂-၁ ဂိုးဖြင့် ဆီဗီလာ ကွာတားတက်)

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆိုးရွားတဲ့ စွမ်းဆောင်ကြောင့် အိမ်ကွင်းမှာ ဆီဗီလာကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်ကနေပဲ ထွက်ခဲ့ရပါတယ်။

ဆီဗီလာအသင်းအတွက် ၇၂ မိနစ်မှာ တိုက်စစ်မှူး မွန်ရီယဲလ်အစား လူစားဝင်ရောက်လာတဲ့ ဘင်ယက်ဒါက ၂ မိနစ်အကြာမှာပဲ ဂိုးဧရိယာထဲကနေ ဦးဆောင်ဂိုးသွင်းယူခဲ့သလို သူကပဲ ၇၈ မိနစ်မှာ ထောင့်ကန်ဘောကတစ်ဆင့် ခေါင်းတိုက်ကာ ဒုတိယဂိုး သွင်းယူသွားခဲ့ပါတယ်။

ဘင်ယက်ဒါ သွင်းယူခဲ့တဲ့ ပထမဂိုးဟာ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ လူစားလဲ ဝင်ရောက်ပြီး အမြန်ဆုံး သွင်းယူတဲ့ ဂိုးဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ မန်ယူကွင်းအသင်း အခွင့်အရေးတချို့ရရှိခဲ့ပေမယ့် ဖယ်လေနီနဲ့ လင်းဂတ်တို့ရဲ့ ဂိုး ကန်သွင်းချက်တွေကို ဆီဗီလာ ဂိုးသမား ဆာဂျီယိုရစ်ကို ကာကွယ်နိုင်ခဲ့သလို နောက်တန်းကလည်း ပိတ်ဆို့ရှင်းလင်းသွားနိုင်ခဲ့ပါတယ်။

အဝေးဂိုးတွေပေးလိုက်ရတဲ့ မန်ယူအသင်းဟာ လူစားလဲမှုတွေ ပြုလုပ်ခဲ့ပြီး တိုက်စစ်မြှင့်တင်ခဲ့ပါတယ်။ ဒါပေမယ့် မန်ယူအသင်းအနေနဲ့ ဂိုးရဖို့ အသည်းအသန် ကြိုးစားခဲ့ရပြီး  လွှဲချော်မှုများနေခဲ့ပါတယ်။

ပွဲချိန်ပြီးဆုံးဖို့ ၇ မိနစ်အလို ၈၄ မိနစ်မှာ လူကာကိုက အိမ်ရှင်အသင်းအတွက် ထောင့်ကန်ဘောကတစ်ဆင့် ပေးပို့တဲ့ ဘောလုံးကို အနီးကပ် ပိတ်သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီချေပဂိုးတစ်ဂိုးက မန်ယူအသင်းအတွက် မလုံလောက်ခဲ့ပါဘူး။

ယူနိုက်တက်အသင်းဟာ စပါးအသင်းနဲ့အတူ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဦးဆောင်တဲ့ မန်စီးတီးနဲ့ လီဗာပူးလ်တို့က ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ လာမယ့် ဗုဒဟူးနေ့မှာ ချယ်လ်ဆီးအသင်းက ဘာစီလိုနာကို အနိုင်ရခဲ့ရင်တော့ ကွာတားရောက် အင်္ဂလန်ကလပ် နှစ်သင်းနဲ့ ပူးပေါင်းနိုင်မှာဖြစ်ပါတယ်။

မန်ယူအသင်းကို ၂-၁ ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရတဲ့ ဆီဗီလာအသင်းဟာ ၁၉၅၇-၅၈ နောက်ပိုင်း သူတို့ရဲ့ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ဒီရှုံးပွဲက ၂၀၁၇-၁၈ ရာသီချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်ကလပ်အသင်းအနေနဲ့ စပိန်လာလီဂါကလပ်အသင်းကို ပထမဆုံး ရှုံးနိမ့်မှုဖြစ်ခဲ့ပြီး (၉) ကြိမ်တွေ့ဆုံရာမှာ ပရီးမီးယားလိဂ်ကလပ်က ၂ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၁ ပွဲရှုံးခဲ့တာပါ။

ရိုးမား ၁-၀ ရှက်တာဒိုးနက်
(နှစ်ကျော့ပေါင်း ၂-၂ ဂိုး၊ အဝေးဂိုးဖြင့် ရိုးမား ကွာတားတက်)

ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရိုးမားနဲ့ ရှက်တာဒိုးနက်တို့ ပွဲမှာတော့ တိုက်စစ်မှူး ဂျက်ကိုရဲ့ ဂိုးနဲ့ ရိုးမားတို့  ၁-၀ ဂိုးနဲ့ အနိုင်ရပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ရိုးမားအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို မန်စီးတီးတိုက်စစ်မှူးဟောင်း ဂျက်ကိုက ၅၂ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ရိုးမားတို့ ပထမအကျော့ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲပြီး နှစ်ကျော့ပေါင်း ၂-၂ ဂိုး ဖြစ်ခဲ့ပေမယ့် အဝေးဂိုးနဲ့ နောက်တစ်ဆင့်တက်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags