ဂါဇာသို့ ရှားရှားပါးပါး ခရီးစဉ်ရောက်ရှိသည့် ပါလက်စတိုင်းဝန်ကြီးချုပ်၏ ယာဉ်တန်းအား ပစ်မှတ်ထား ဖောက်ခွဲ

ဂါဇာသို့ ရှားရှားပါးပါး ခရီးစဉ်ရောက်ရှိသည့် ပါလက်စတိုင်းဝန်ကြီးချုပ်၏ ယာဉ်တန်းအား ပစ်မှတ်ထား ဖောက်ခွဲ

ဂါဇာစီးတီး၊ မတ် ၁၃ ။           ။ ဂါဇာကမ်းမြောင်သို့ မတ် ၁၃ ရက်က ရှားရှားပါးပါး ခရီးစဉ်ရောက်ရှိသည့် ပါလက်စတိုင်းဝန်ကြီး ရာမီဟမ်ဒဲလ်လက်ရှ်၏ ယာဉ်တန်းကို ပစ်မှတ်ထားသည့် ဖောက်ခွဲမှုတစ်ရပ် ဖြစ်ပွားရာ လူ ခုနစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရကြောင်း တာဝန်ရှိသူများနှင့် မျက်မြင်များက ပြောသည်။
ဝန်ကြီးချုပ်၏ ယာဉ်တန်းက အစ္စလာမ္မစ် လှုပ်ရှားမှု ဟာမတ်စ်အဖွဲ့၏ ပိုင်နက်အတွင်း ဝင်လျှင်ဝင်ချင်း အချိန်တိုအတွင်း ဖြစ်ပွားသည့် ထို ပေါက်ကွဲမှုတွင် ဝန်ကြီးချုပ် ရာမီက ထိခိုက်မှု မရှိခဲ့ကြောင်း ယာဉ်တန်းနှင့် လိုက်ပါလာသော လုံခြုံရေးသတင်းရင်းမြစ်က ဆိုသည်။
အဆိုပါ ယာဉ်တန်းတွင် ပါလက်စတိုင်း ထောက်လှမ်းရေးအကြီးအကဲ မာဂျစ်ဖာရတ်ပါ လိုက်ပါလာခဲ့ခြင်း ဖြစ်သော်လည်း ၎င်းမှာလည်း ထိခိုက်မှုမရှိကြောင်း လုံခြုံရေးသတင်းရင်းမြစ်က ပြောသည်။
သမ္မတ မာမွတ်အဘတ်စ်က ရာမီဟမ်ဒဲလ်လက်ရှ်၏ ယာဉ်တန်းကို သူရဲဘောကြောင်စွာ ပစ်မှတ်ထားခြင်းအဖြစ် သုံးသပ်လျက် လက်သည်ကျုးလွန်သူများက ပြိုင်ဖက် ဟားမတ်စ်တို့၏ လက်ချက်ဖြစ်သည်ဟု မှတ်ယူကြောင်း နိုင်ငံပိုင်ပါလက်စတိုင်းမီဒီယာက ဖော်ပြသည်။
လက်ရှိအထိ ယခုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာလာသည့် အဖွဲ့မရှိသေးပေ။ ဂါဇာကမ်းမြောင်အတွင်း ဟားမတ်စ်ကို ဆန့်ကျင်သည့် အစွန်းရောက်များလည်း ရှိနေကာ မတည်ငြိမ်မှုများ၏ နောက်ကွယ်တွင် ၎င်းတို့က ပါဝင်ပတ်သက်နေတတ်သည်။
ပစ်မှတ်ထား ဖောက်ခွဲခံရပြီးသည့် အချိန်ပိုင်းအတွင်းမှာပင် ဝန်ကြီးချုပ် ရာမီက စွန့်ပစ်ရေသုံးစက်ရုံကို ဖွင့်လှစ်ပေးသည့် အခမ်းအနားအား နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ပြသခဲ့သော်လည်း ခရီးစဉ်ကို ရပ်စဲလိုက်ကြောင်း ၎င်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags