ရခိုင်ပြည်နယ်က ဖြစ်စဉ်များနှင့်ပတ်သက်၍ တာဝန်ခံမှုရှိရေး ကုလအထူးကိုယ်စားလှယ် တောင်းဆို

ရခိုင်ပြည်နယ်က ဖြစ်စဉ်များနှင့်ပတ်သက်၍ တာဝန်ခံမှုရှိရေး ကုလအထူးကိုယ်စားလှယ် တောင်းဆို
Photo: Salvatore Di Nolfi/EPA-EFE

 

ဂျီနီဗာ၊ မတ် ၁၃ ။               ။ ရခိုင်ပြည်နယ်က ဖြစ်စဉ်ဖြစ်ရပ်တွေမှာ လူမျိုးတုံးသတ်ဖြတ်မှု ဝိသေသလက္ခဏာရပ်တွေ ပါနေတယ်လို့ ခုချိန်မှာ ပိုပိုပြီး ထင်မြင်ယူဆလာမိနေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးအစီရင်ခံစာတင်သွင်းသူ မစ္စ ယန်ဟီးလီက မတ်လ ၁၂ ရက် လူ့အခွင့်အရေးကောင်စီမှာ ပြောကြားသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အဆိုပါ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို တာဝန်ခံခိုင်းဖို့ကိုလည်း သူမက တောင်းဆိုသွားခဲ့ပါတယ်။

 မြန်မာနိုင်ငံမှာ ယခင် တပ်မတော်အစိုးရ လက်ထက်တုန်းက ရှိခဲ့တဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ ကျင့်သုံးလုပ်ဆောင်ပုံတွေဟာ ယခုတစ်ကြိမ်မှာလည်း ပြန်ဖြစ်လာနေပြီဖြစ်ကြောင်း၊ နိုင်ငံတစ်ဝှမ်း အရပ်ဘက် လူ့အဖွဲ့အစည်းတစ်ခုလုံး တွေ့ကြုံနေရတဲ့ အခြေအနေတွေဟာ ပိုပိုပြီး အန္တရာယ် ကြီးလာနေတဲ့အပေါ်  လွန်စွာ စိုးရိမ်ပူပန်နေမိကြောင်း ယန်ဟီးလီက  ပြောသွားပါတယ်။

 ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူဟာ မစ္စ ယန်ဟီးလီဟာဆိုရင်တော့ မြန်မာနိုင်ငံထဲ ဝင်ရောက်ခွင့် ရမည်မဟုတ်တော့ကြောင်း ယမန်နှစ်တုန်းကတည်းက မြန်မာအစိုးရက အကြောင်းကြားအသိပေးထားပါတယ်။

 ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာ ၉ ရက် နဲ့ ၂၀၁၇ သြဂုတ် ၂၅ ရက်နောက်ပိုင်း ရခိုင်ပြည်နယ်မှာ ကျူးလွန်ထားခဲ့တဲ့ ပြစ်မှုပြစ်ချက်တွေနဲ့ပတ်သက်လို့ တာဝန်ယူမှု တာဝန်ခံမှုတွေကို ယနေ့အချိန်ထိ မြင်တွေ့ရသေးခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံမှာ ရေရှည် တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီ ဖြစ်ထွန်းအောင်မြင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းအားထုတ်ပေးတဲ့အခါမှာ ယခုကိစ္စကို အထူးအာရုံစိုက်သွားရမှာဖြစ်ကြောင်း ယန်ဟီးလီက ဂျီနီဗာမြို့ လူ့အခွင့်အရေးကောင်စီမှာ သူမရဲ့ အစီရင်ခံစာကို တင်သွင်းရင်းနဲ့ ပြောဆိုသွားပါတယ်။

 " ဒီဖြစ်စဉ်တွေမှာ အမိန့်တွေ ပေးခဲ့သူတွေ၊ နောက်ပြီး မျိုးနွယ်စုတွေ၊ ဘာသာရေးအုပ်စုတွေ၊ တစ်ဦးတစ်ယောက်စီတိုင်းအပေါ် ချိုးဖောက်ကျူးလွန်မှုတွေ လုပ်ထားတဲ့ တာဝန်ရှိသူတစ်ဦးတစ်ယောက်စီတိုင်းကို ရည်ရွယ်ပစ်မှတ်ထားရမှာဖြစ်ပါတယ်၊ နောက်ပြီး အုပ်ချုပ်သူအစိုးရပိုင်းကလည်း ဒီဖြစ်စဉ်တွေမှာ ကြားဝင်ဖျန်ဖြေတာ၊ ရပ်တန့်စေတာ၊ ပြစ်တင် ရှုတ်ချတာ ဘာတစ်ခုမှ မလုပ်ခဲ့တဲ့အတွက်လည်း သူတို့လည်း တာဝန်ခံရမှာဖြစ်ပါတယ်" ဆိုပြီး ယန်ဟီးလီက ပြောပါတယ်။

 ဒါ့အပြင် စေ့စပ်နှံ့စပ် ဘက်မလိုက်ဘဲ ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို မနှောင့်မနှေးဘဲ လုပ်ဆောင်ဖို့လည်း သူမက တောင်းဆိုသွားပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ကုလစုံစမ်းရေးအဖွဲ့တစ်ခုကို ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားနယ်မှာ အခြေစိုက် ထူထောင်ဖွဲ့စည်းသွားရေးနဲ့ ယင်းအဖွဲ့ကနေတဆင့် သုံးနှစ်ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ သက်သေအထောက်အထားတွေကို စုံစမ်း၊ မှတ်တမ်းယူ၊ စုဆောင်း၊ စုစည်း၊ မြေပုံဆွဲ၊ ခွဲခြမ်းစိတ်ဖြာသွားဖို့ သူမက တောင်းဆိုသွားပါတယ်။

 ဒါ့အပြင် နိုင်ငံတရားရုံး ဒါမှမဟုတ် နိုင်ငံတကာ ခုံတရားရုံးတွေမှာ ဘက်မလိုက်မျှတလွတ်လပ်တဲ့ နိုင်ငံတကာတရားစွဲဆိုမှုတွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ဥပဒေစံနှုန်းတွေနဲ့အညီ အဆင်ပြေအောင်လုပ်ဆောင်နိုင်ရေး ထောက်ပံ့ပေးနိုင်ဖို့အတွက် အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ အဓိက သတင်းအချက်အလက်တွေကနေတဆင့် ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ပြင်ဆင်လုပ်ဆောင်သင့်ကြောင်း သူမက ပြောသွားပါတယ်။

 အလားတူ ၂၀၁၆ အောက်တိုဘာ ၉ ရက် ၊ ၂၀၁၇ သြဂုတ် ၂၅ တိုက်ခိုက်မှုဖြစ်စဉ်တွေ မဖြစ်ခင်နဲ့ ဖြစ်ပြီးနောက်ကာလမှာ ပေါ်ပေါက်ခဲ့တဲ့ အခြေအနေလုပ်ရပ်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂဘက်က ပြည့်စုံကျယ်ပြန်တဲ့ သုံးသပ်ချက်တစ်စောင် ပြုစုသွားဖို့ သူမက တောင်းဆိုသွားပါတယ်။

 " ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ (ရိုဟင်ဂျာ) နဲ့ပတ်သက်တဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက မတူခြားနားစွာ ကြိုတင်ကာကွယ် ဒါမှမဟုတ် စီမံပေးနိုင်မလားဆိုပြီး ပြင်ပ သုံးသပ်ချက်တစ်ခုနဲ့အကဲဖြတ်သင့်ပါတယ်၊ နောက်ပြီး တာဝန်ရှိသူတွေကို သင့်တော်သလို တာဝန်ခံမှုရှိရေး ထောက်ခံ လုပ်ဆောင်နိုင်ဖို့ပါ" ဆိုပြီး ယန်ဟီးလီက ပြောပါတယ်။

 လက်ရှိ ရခိုင်ပြည်နယ်က အကျပ်အတည်းကိစ္စအပေါ်မှာ တစ်ကမ္ဘာလုံးက အာရုံစိုက် စောင့်ကြည့်နေပေမယ့် ကချင်၊ ရှမ်းနဲ့ အခြား ပဋိပက္ခဖြစ်ရာ ပြည်နယ်ဒေသတွေမှာ အကြမ်းဖက်မှုတွေ အရှိန်မြင့်လာနေပြီး အဲဒီအပေါ် အာရုံစိုက်မှု သိပ်မရှိတဲ့အပေါ်မှာလည်း စိုးရိမ်ကြောင်း သူမက ထုတ်ဖော်သွားပါတယ်။

 ဒါ့အပြင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း အရှိန်လျှော့ကျသွားခဲ့ပုံ ရကြောင်း၊ ခုလိုဖြစ်ရတာကလည်း အစိုးရနဲ့ တပ်မတော်ဘက်က ယုံကြည်မှုတည်ဆောက်မှုပိုင်းမှာ လိုအပ်သလိုမလုပ်ဆောင်နိုင်ခဲ့လို့ ဖြစ်ရတာဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က စောဒကတက်ထားကြောင်း သူမက ပြောသွားပါတယ်။

 ယခုနှစ်ကုန်ပိုင်း အထွေထွေညီလာခံမှာ အစီရင်ခံစာတင်သွင်းဖို့အတွက် ကြိုတင်ပြင်ဆင်မှုတစ်စိတ်တစ်ပိုင်းအဖြစ် သူမအနေနဲ့ အိန္ဒိယနဲ့ တရုတ်ဆီ သွားရောက်နိုင်မယ်လို့ မျှော်လင့်ကြောင်း၊ အလားတူ သူမအပေါ် ပြည်ဝင်ခွင့်ပိတ်ပင်ထားတဲ့ ဆုံးဖြတ်ချက်ကိုလည်း မြန်မာအစိုးရဘက်က ပြန်လည်သုံးသပ် ပြင်ဆင်ပေးလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ယန်ဟီးလီက ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly