တက်စတိုစတီရုန်း ဟော်မုန်း နည်းလာရင် အမျိုးသားတွေမှာ ဘာတွေ ဖြစ်လာမလဲ

တက်စတိုစတီရုန်း ဟော်မုန်း နည်းလာရင် အမျိုးသားတွေမှာ ဘာတွေ ဖြစ်လာမလဲ

ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win.

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ Lenox Hill ဆေးရုံမှ Endocrinology ဆိုင်ရာ ပါရဂူဆရာဝန်တစ်ယောက်ဖြစ်တဲ့ စိုင်ပရို မဇ်တစ် (Spyros Mezitis) အနေနဲ့ လတ်တလောမှာ တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးနေတဲ့ အမျိုးသားလူနာ အများအပြားကို ကုသပေးခဲ့ရပါတယ်။ Endocrinology (ခန္ဓာကိုယ်တွင်း ဟော်မုန်းများ ထွက်ရှိခြင်းကို လေ့လာသော ပညာရပ်) ဆိုတာ ပီနီရယ် ဂလင်း (pineal) ၊ ပီကျူထရီ ဂလင်း (pituitary)၊ ပန်ကရိယ (pancreas)၊ မျိုးဥအိမ်နဲ့ ဝှေးစေ့တို့ရဲ့ လုပ်ဆောင်ချက်ကို လေ့လာတဲ့ ပညာရပ်ဖြစ်ပါတယ်။

သူရဲ့ပြောကြားချက်အရကတော့ “ အမျိုးသားအများစုဟာ အိုမင်းလာတဲ့အခါ တက်စတိုစတီရုန်း ဟော်မုန်း နည်းလာပြီး အမျိုးသား လိင်အင်္ဂါက ပိုပြီးထောင်မတ်ဖို့ ပိုခက်ခဲလာတယ် ” လို့ဆိုပါတယ်။

မဇ်တစ် တစ်ယောက် အခုလို တက်စတိုစတီရုန်း ဟော်မုန်းနည်းပါးတဲ့ လူနာအများအပြားကို ကုသပေးခဲ့ရတယ်ဆိုတာ နိုင်ငံတစ်ဝှမ်း အသက်ကြီးလာတဲ့ လူတွေ များလာတဲ့ အတွက်ကြောင့်လည်း ဖြစ်ပေမဲ့ မဇ်တစ် ထံကို လူနာ အမျိုးသားတွေ အများအပြားလာရောက် ကုသကြတဲ့ အကြောင်းရင်းတစ်ခုလည်း ရှိပါတယ်။

အဲ့ဒါကတော့ မီဒီယာတွေက  တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးခြင်း အကြောင်းကို အကြိမ်ပေါင်းများစွာ စတင်ပြောဆိုလာခဲ့လို့ပါ။ ဒါ့ကြောင့် လူအများအပြားဟာ တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးခြင်းနဲ့ပတ်သတ်ပြီး ဆရာဝန်တွေထံ လာရောက်စစ်ဆေးမှု ခံယူကြတာ ဖြစ်ပါတယ်။ လူနာတွေ အများအပြားဟာ တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးလာတာနဲ့ အမျှ အလွန်အမင်း မောပန်းတတ်လာခြင်း၊ အားနည်းလာခြင်း၊ စိတ်ကျလာခြင်းနဲ့ လိင်ဆက်ဆံချင်စိတ် နည်းပါးလာခြင်းတို့ ဖြစ်လာကြပါတယ်။

စိုင်ပရို မဇ်တစ် ကတော့ “endocrinologist တစ်ယောက်မို့လို့ ကျွန်တော် ဟော်မုန်းတွေအကြောင်း ကျွန်တော် ကျွမ်းကျင်ပါတယ်။ ကျွန်တော်ထံ တက်စတိုစတီရုန်း ဟော်မုန်းနည်းနေတယ်လို့ ထင်ပြီးလာပြတဲ့ အမျိုးသား ၄ ပုံ ၃ ပုံလောက်မှာ သာမန် တက်စတိုစတီရုန်း ပမာဏထက် အနည်းငယ်လောက်ပဲ နည်းနေကြတာပါ။ လုံးဝကြီး နည်းပါးနေတဲ့ အခြေအနေမဟုတ်ပါဘူး။ အဲ့လူနာတွေမှာ တစ်ခါတစ်ရံ တက်စတို စတီရုန်း ဟော်မုန်းနည်းနေသလို တစ်ခါတစ်ရံ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးမှုကိုထိန်းပေးတဲ့ ဒြပ်တစ်မျိုး ကိုထုတ်ပေးတဲ့ သိုင်းရွိုက် ဟော်မုန်းနဲ့ တစ်ခြား လိင်နဲ့ မသက်ဆိုင်တဲ့ ဟော်မုန်းတွေ နည်းပါးနေတာကို တွေ့ရှိခဲ့ရပါတယ်။  ”

တက်စတိုစတီရုန်း ဟော်မုန်းနဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေ အကြောင်း

တက်စတိုစတီရုန်း ဟော်မုန်းဆိုတာ သန္ဓေရခြင်း၊ ကြွက်သားကြီးထွားခြင်း၊ အမွှေးအမျှင်ပေါက်ခြင်း၊ လိင်စိတ်ပြင်းပြခြင်းနဲ့ သွေးနီဆဲလ်များကို ထုတ်လုပ်ရာမှာ အရေးပါတဲ့ အမျိုးသားလိင်ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ လူပျိုဖော်စဝင်စမှာ တက်စတိုစတီရုန်း ဟော်မုန်းဟာ ယောက်ျားလေးတွေရဲ့ ကြွက်သားများကို ကြီးထွားစေခြင်း၊ အသံဩလာခြင်း၊ လိင်တံနဲ့ ဝှေးစေ့များ ကြီးထွားခြင်း ဖြစ်စေပါတယ်။ လူလားမြောက်တဲ့ အချိန်မှာ တက်စတိုစတီရုန်းဟော်မုန်းဟာ အမျိုးသားကြွက်သားနဲ့ အရိုးများကို ကြီးထွားစေပြီး လိင်စိတ်ပြင်းပြခြင်းကို ဖြစ်စေပါတယ်။ အတိုချုံးပြောရမယ်ဆိုရင် တက်စတိုစတီရုန်း ဟော်မုန်းဟာ ယောက်ျားတစ်ယောက်ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ အရ ဖြစ်တည်မှုကို လုပ်ဆောင်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးလာတဲ့အခါ သန္ဓေမအောင်ခြင်းနဲ့ ဝှေးစေ့တို့ရဲ့ လုပ်ဆောင်ချက်နည်းပါးလာခြင်းတို့ ဖြစ်တတ်ပါတယ်။ သို့ပေမဲ့ တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးလာခြင်းကို ကုသပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အမေရိကန်နိုင်ငံမှာ တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးခြင်းကို ကုသပေးနိုင်တဲ့ ဆေးဝါးတွေဟာ ၂၀၁၂ ခုနှစ်က စလို့ ၅ ဆ အထိ များပြားလာခဲ့ပါတယ်။

အသက် ၃၀ ကျော်က စလို့ အမျိုးသားအများစုဟာ တက်စတိုစတီရုန်း ဟော်မုန်း တစ်ဖြည်းဖြည်းနည်းပါးလာခြင်းကို စတင်ခံစားကြရပါတယ်။ အမေရိကန် အိုရီဂွန်ပြည်နယ်၊ ပို့တ်လန်း မြို့ရှိ ကျန်းမာရေး သိပ္ပံ တက္ကသိုလ်မှ လိင်အင်္ဂါနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပါရဂူ ဖြစ်သူ ဂျေဆင် ဟေဂျ် (Jason Hedges)  ကတော့ “ တစ်ချို့တွေက အသက်ကြီးလာလို့ လိင်စိတ်နည်းသွားကြတယ် လို့ဆိုကြတယ်။ တကယ်တော့ ဒါ အယူအဆမှားတစ်ခုပါ။ တက်စတိုစတီရုန်း ဟော်မုန်း တစ်ဖြည်းဖြည်း နည်းပါးလာတာနဲ့ လိင်ဆက်ဆံချင်စိတ် လုံးဝ မပျောက်သွားပါဘူး။ ဥပမာ ကျွန်တော်ရဲ့ လူနာတွေထဲက အသက် ၂၀၊ ၃၀၊ ၄၀ အမျိုးမျိုးရှိပြီး သူတို့တွေဟာ လိင်တံထောင်မတ်ခြင်း ပြဿနာ၊ တစ်ခြား ကျန်းမာရေး ပြဿနာတွေကြောင့် လိင်စိတ်နည်းပါးလာတာ ဖြစ်ပြီး ဒီပြဿနာတွေဟာ အသက်ကြီးလာလို့ လိင်စိတ်နည်းပါးလာတယ်ဆိုတာ ထက်ပိုပါတယ်။ ” လို့ဆိုပါတယ်။

“ လိင်ဆက်ဆံချင်စိတ် နည်းပါးလာခြင်း ဟာ တစ်ခြားသော ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်ရတာပါ။ ဟိုးအရင်ကတည်းက ကျွန်တော်တို့တွေဟာ တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးလာတဲ့ အကြောင်းကို သိပ်မပြောခဲ့ကြပဲ ဆီးချိုရောဂါ အကြောင်း၊ စိတ်ကျခြင်း အကြောင်း၊ သွေးဖိအားများလာခြင်းတွေနဲ့ နှလုံးသွေးလွှတ်ကြော ယိုယွင်းလို့ဖြစ်တဲ့ရောဂါ အကြောင်းတွေကိုပဲ ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်း တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးတဲ့ အကြောင်းဟာ လူသိများလာကြပါတယ်။ အဲ့တော့ လူတွေက တက်စတိုစတီရုန်းနည်းပါးခြင်းဟာ လိင်စိတ်နည်းပါးလာခြင်းရဲ့ အဓိက အကြောင်းရင်းလို့ ထင်သွားကြပါတယ်။ ဒါပေမဲ့ တက်စတို စတီရုန်း ဟော်မုန်းနည်းလာတယ်ဆိုတာထက် တစ်ခြား ရောဂါအကြောင်းရင်းတွေ ကိုလည်း လေ့လာပြီး၊ အမျိုးသားတစ်ယောက်ရဲ့ တက်စတိုစတီရုန်း ပမာဏကို တိုင်းတာဖို့အတွက် သွေးစစ်ဆေးမှုတွေကို အရင်ဆုံး ပြုလုပ်သင့်ပါတယ်။ ” လို့ စိုင်ပရို မဇ်တစ် ဆိုပါတယ်။

ပမာဏ ဘယ်လောက်ဆိုရင် တက်စတို စတီရုန်း ဟော်မုန်းနည်းနေတယ်လို့ ပြောလို့ရမလဲ။

အမျိုးသား တစ်ယောက်ရဲ့ သာမန် တက်စတိုစတီရုန်းပမာဏာရဲ့ အောက်ဆုံး ဟာ ၃၀၀ (နာနိုဂရမ်ပါ ဒက်ဆီလီတာ ) nanograms per deciliter (ng/dL) ရှိပါတယ်။ သာမန် တက်စတိုစတီရုန်းပမာဏရဲ့ အမြင့်ဆုံး ကတော့ 800ng/dL အထိရှိပါတယ်။  (300-800 ng/dL )

( ၁ ဂရမ်ရဲ့ သန်းတစ် ထောင်ပုံတစ်ပုံကို nanogram လို့ခေါ်ပြီး ၁ လီတာရဲ့ ဆယ်ပုံတစ်ပုံကို deciliter လို့ခေါ်ပါတယ်။ )

တက်စတိုစတီရုန်း ဟော်မုန်း ပမာဏ တိုင်းတာခြင်းအကြောင်း မပြောခင် ခန္ဓာကိုယ်ထဲမှာ မတူတဲ့ တက်စတိုစတီရုန်း ဟော်မုန်း အမျိုးအစား ၃ ခု ရှိနေပါတယ်။ အဲ့ဒါတွေကတော့ free တက်စတိုစတီရုန်း၊  SHBG-bound တက်စတိုစတီရုန်း နဲ့ albumin-bound တက်စတိုစတီရုန်း

တို့ဖြစ်ပါတယ်။ တက်စတိုစတီရုန်း ပမာဏ တိုင်းတာမယ်ဆိုရင် သင့်အနေနဲ့  free တက်စတို စတီရုန်း ကိုတိုင်းတာခြင်းနဲ့ စုစုပေါင်း တက်စတိုစတီရုန်း ပမာဏကို တိုင်းတာခြင်းဆိုပြီး ၂ မျိုးတိုင်းတာနိုင်ပါတယ်။ သို့ပေမဲ့  free တက်စတို စတီရုန်း ပမာဏဟာ သွေးထဲမှာ အရမ်း နည်းပါးတဲ့အတွက် စုစုပေါင်း တက်စတိုစတီရုန်း ပမာဏကိုသာ တိုင်းတာကြပါတယ်။ သွေးကြောထဲက တက်စတိုစတီရုန်း ပမာဏကို တိုင်းတာတဲ့ အခါ ပုံမှန်ရှိသင့်တဲ့ ပမာဏထက် လျော့နည်းနေရတဲ့ အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ အဲ့ဒါတွေကတော့-

  •  ဝှေးစေ့များ ဒဏ်ရာရနေခြင်း၊
  • ဝှေးစေ့ ကင်ဆာဖြစ်နေခြင်း၊
  • ဟော်မုန်းများ ချို့ယွင်းနေခြင်း၊
  • ကူးစက်ရောဂါ ခံစားနေရခြင်း၊
  • HIV/ AIDS ရောဂါဖြစ်နေခြင်း၊
  • ကျောက်ကပ် (သို့မဟုတ်) အသည်းရောဂါဖြစ်နေခြင်း၊
  • Type 2 ဆီးချိုရောဂါဖြစ်နေခြင်း၊
  • အဝလွန်နေခြင်း တို့ကြောင့် ဖြစ်နိုင်ပါတယ်။

တစ်ခါတစ်ရံ ဆေးဝါးတစ်ချို့နဲ့ မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းမှုတို့ အပြင် အသက်ကြီးလာတဲ့ အတွက်ကြောင့်လည်း တက်စတိုစတီရုန်း ဟော်မုန်းတွေ နည်းနေနိုင်ပါတယ်။

တက်စတိုစတီရုန်း ဟော်မုန်းနည်းနေခြင်းဟာ ရောဂါလက္ခဏာတစ်ခုမဟုတ်ပါဘူး။ ဒါပေမဲ့ အမျိုးသားတစ်ယောက်ရဲ့ တက်စတိုစတီရုန်းဟာ ရှိသင့်တဲ့ ပမာဏထက် နည်းနေပြီဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တက်စတိုစတီရုန်း ပမာဏ နည်းနေခြင်းဟာ အရိုးသိပ်သည်းဆ နည်းခြင်းကို ဖြစ်စေနိုင်ပြီး အရိုးတွေ ကျိုးလွယ်တတ်စေနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

တက်စတိုစတီရုန်း ဟော်မုန်းနည်းခြင်းအတွက် ကုသမှုများ

အသက်ကြီးလာတာနဲ့ အမျှ တက်စတိုစတီရုန်း ဟော်မုန်း နည်းလာတယ်ဆိုတာ သဘာဝပါပဲ။ ဒါပေမဲ့ သင့်အနေနဲ့ တက်စတိုစတီရုန်း နည်းလို့ ဖြစ်လာတဲ့ ရောဂါတွေခံစားရနေပြီဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ အသက်အရမ်းကြီးလို့ တက်စတိုစတီရုန်း နည်းလာတာက ပြဿနာမရှိပေမဲ့ လူငယ်ဘဝမှာကတည်းက တက်စတိုစတီရုန်းဟော်မုန်း နည်းလာလို့ ကိုယ်ဝန်မရနိုင်တဲ့ လူငယ်တွေအတွက်ကတော့ gonadotropin လို့ခေါ်တဲ့ ဝှေးစေ့ရဲ့ လုပ်ဆောင်ချက်တွေကို တိုးတက်စေတဲ့ ဆေးထိုးသင့်ပါတယ်။ ဒီဆေးဟာ ခန္ဓာကိုယ်ကို တက်စတိုစတီရုန်း ဟော်မုန်း ပိုမို ထုပ်လုပ်ဖို့ အချက်ပြတဲ့ ဟော်မုန်းဆေးလည်းဖြစ်ပါတယ်။ ဒီဟော်မုန်းဆေး သုံးလိုက်တဲ့အခါမှာ သုတ်ကောင် အရည်အတွက်ပိုများလာနိုင်ပါတယ်။ ဒါ့အပြင် တက်စတိုစတီရုန်း ဟော်မုန်း နည်းလာခြင်းကို ကုသပေးနိုင်တဲ့ နောက်ထပ်တစ်နည်းကတော့ တင်ပါးထဲမှာ ထည့်သွင်းတပ်ဆင်ရတဲ့ တက်စတိုစတီရုန်း ဟော်မုန်း အလုံးများပဲ ဖြစ်ပါတယ်။ ဒီဟော်မုန်း အလုံးတွေဟာ ၃ လကနေ ၄ လအထိ တက်စတိုစတီရုန်း ဟော်မုန်းတွေ ထွက်ရှိပါတယ်။

တက်စတိုစတီရုန်း ဟော်မုန်း ဖြည့်တင်းမှုတွေ ခံယူရင် ဘာအန္တရာယ်တွေရှိလဲ။ 

“တက်စတိုစတီရုန်း နည်းပါးခြင်းကြောင့် လိင်စိတ်နည်းနေတာ ဆိုရင်တော့ တက်စတိုစတီရုန်း ဟော်မုန်း ဖြည့်တင်းမှု ပြုလုပ်အပြီး ရက်သတ္တပတ်အတွင်းမှာ လူနာများဟာ လိင်ဆက်ဆံရတာ ပိုကောင်းလာပြီး စိတ်ကျခြင်းလည်း ပျောက်ကင်းသွားတယ်လို့ ဆိုကြပါတယ်။ ” လို့ စိုင်ပရို မဇ်တစ် ဆိုပါတယ်။

ဒါပေမဲ့ ဒီလို ဟော်မုန်းဖြည့်တင်းမှုတွေလုပ်တဲ့ အခါ အမျိုးသားတွေရဲ့ သွေးနီဥဆဲလ် ပမာဏကို များပြားလာစေပြီး ရင်သားတွေကို ကြီးလာစေပါတယ်။ ဒါ့အပြင် သုတ်လွှတ်ဂလင်း (prostate) လည်း ပိုမိုကြီးထွားလာနိုင်ပါတယ်။ ရင်သားကင်ဆာရှိနေတဲ့ အမျိုးသားတွေ အနေနဲ့ တက်စတိုစတီရုန်း ဟော်မုန်း ဖြည့်တင်းမှုကို မခံယူသင့်ပါဘူး။ ဒါ့အပြင် ပရောစတိတ် သုတ်လွှတ်ဂလင်း (prostate) ကင်ဆာဖြစ်နေတဲ့ အမျိုးသားတွေလည်း တက်စတိုစတီရုန်း ဟော်မုန်း ဖြည့်တင်းမှု မခံယူသင့်ပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly