သတ်မှတ်ဒဏ်ကြေး ပေးဆောင်ရန် ဒေသခံငါးမွေးသူများ အခက်တွေ့နေ

သတ်မှတ်ဒဏ်ကြေး ပေးဆောင်ရန် ဒေသခံငါးမွေးသူများ အခက်တွေ့နေ

 

မန္တလေး မတ် ၁၃ ။            ။ မတ္တရာမြို့နယ်အတွင်းရှိ ငါးမွေးမြူရေးလုပ်ကိုင်သူအများစုမှာ အစိုးရက သတ်မှတ်သော ဒဏ်ကြေးငွေကျပ် ၁၀သိန်းပေးဆောင်ရန် အခက်အခဲများဖြစ်ပေါ်နေခြင်းကြောင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အသနားခံစာတင်ပြသွားမည်ဟု ငါးမွေးမြူရေးလုပ်ကိုင်သူများကဆိုသည်။

 "ကျွန်တော်တို့ဒီမှာက မိရိုးဖလာလုပ်တာရှိတယ်။ဒေသခံတွေ လုပ်တာရှိတယ်။ဒေသခံတွေလုပ်တာလည်း အနည်းဆုံး အနှစ် ၂၀၊၃၀အထက်မှာပဲ။ငါးလုပ်ငန်း၊မြေစာရင်း၊ထွေအုပ် အားလုံးစာရင်းပေါက်ပြီးသားပါ။သူတို့သတ်မှတ်တဲ့ အခွန်တွေ၊ဘာတွေ နှစ်စဉ်ဆောင်ရပါတယ်။အခုလို ၁၀ သိန်းဆောင်ရမယ်ဆိုတော့ အခက်တွေ့ပါတယ်"ဟုမတ္တရာမြို့နယ်က ငါးမွေးမြူရေးလုပ်ကိုင်သူတစ်ဦးကပြောသည်။

 လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်ပြုရန် လျှောက်ထားဖို့ကျန်ရှိနေသည့် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် တစ်ဧက ကျပ်ဆယ်သိန်း ဒဏ်ကြေးငွေပေးဆောင်ရန် မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် ၂၀၁၈ခုနှစ်၊ဇန်နဝါရီလ ၁၃ ရက်က ဖြန့်ဝေခဲ့ပြီး ဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထားပေးသွင်းရမည်ဟုလည်း ပါရှိသည်။

 သတ်မှတ်ရက်အတွင်း ဒဏ်ကြေးငွေမပေးဆောင်နိုင်ပါက လယ်ယာမြေဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ဖြန့်ဝေထားသည့်စာထဲတွင်ပါသည်။

 လက်ရှိမတ္တရာမြို့နယ်အတွင်းတွင် လယ်ယာမြေများကို ဝယ်ယူ၍ ငါးကန်တူးဖော်နေမှုများရှိနေသည်။ထိုသို့ လတ်တလောတူးဖော်နေသူများမှာ သတ်မှတ်ဒဏ်ကြေးငွေကို ပေးဆောင်နိုင်သော်လည်း   ရှေးယခင်ကတည်းက လုပ်ကိုင်လာသည့် ဒေသခံများမှာပေးဆောင်ရန် အခက်အခဲဖြစ်နေခြင်းဖြစ်သည်။

 ဒေသခံများမှာ ယခင်ကပင် လယ်နှင့်ငါးကန်ကို တွဲဖက်လုပ်ကိုင်နေခြင်းဖြစ်သည်။အစိုးရအနေဖြင့် လက်ရှိ လယ်ယာမြေများကို ဝယ်ယူ၍ ငါးမွေးမြူရေးလုပ်ကိုင်ရန် ဆောင်ရွက်နေသူများကိုသာ ဒဏ်ကြေးငွေသတ်မှတ်စေချင်သည်ဟု ဒေသခံ ငါးမွေးမြူရေးလုပ်ကိုင်သူများကဆိုသည်။

 "ကျွန်မတို့က သူတို့အခုမှလုပ်လို့ ဆောင်ရမယ်လို့ ဝိုင်းပြောတာမဟုတ်ဘူး။အဓိကဖြစ်နေတာက အခုမှလယ်တွေဝယ်ကန်တွေတူး လုပ်နေတာကို တိုက်ရိုက် ဒဏ်ငွေမကောက်ဘဲ ကျွန်မတို့ အရင်လုပ်နေတဲ့သူတွေကိုပါ အခုလိုလုပ်တာကတော့ တရားမျှတမှုမရှိဘူး။ငါးကန်တူးတယ်ဆိုတာ သူတို့ခွင့်ပြုလို့တူးရတာပါ။မြေစာရင်းမှာရော၊ငါးလုပ်ငန်းမှာရော စာရင်းရှိပါတယ်။ဒါကြောင့် ကျွန်မတို့က မဆောင်ဘူးမငြင်းဘူး။ဆောင်မယ်။ဒဏ်ကြေးငွေပြင်ပေးပါ။အဆင်ပြေမယ့်နှုန်းလေးပေါ့။ဒါဆို အားလုံးအဆင်ပြေမှာပါ။"ဟု အမည်မဖော်လိုသည့်   တောင်ပြုံးကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက   ပြောသည်။

 ဒေသခံငါးမွေးမြူရေးလုပ်ကိုင်နေသူများအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အသနားခံစာတင်သွားမှာဖြစ်သလို ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများစုပေါင်း၍ ဝန်ကြီးချုပ်   ဒေါက်တာဇော်မြင့်မောင်နှင့် တွေ့ဆုံခွင့်ရရှိရန်လည်း ကြိုးစားသွားမည်ဟုဆိုသည်။

 ဒဏ်ကြေးငွေပေးသွင်းရန် ဇန်နဝါရီလ ၃၁ ရက်ဟုသတ်မှတ်ခဲ့ပြီး သတ်မှတ်ရက်အတွင်း မပေးဆောင်ပါက လယ်ယာမြေဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟုဆိုသော်လည်း မတ်လ ၁၃ ရက်နေ့အထိ သက်ဆိုင်ရာအဖွဲ့မှ တစ်စုံတရာအကြောင်းကြားလာခြင်းမရှိသေးကြောင်းလည်းသိရသည်။

 အဆိုပါကိစ္စနှင့်ပတ်သက်၍ မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ယူဖြေကြားမည့်သူမရှိသေးကြောင်း မတ်လ ၁၃ ရက်၊နံနက် ၁၀ နာရီတွင် ဖုန်းကိုင်သူကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly