မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ခဲ့သည့် ဒုက္ခသည် ၃၀၀ ကျော်စာရင်း ဘင်္ဂလားဒေ့ရှ်သို့ ပေးပို့ထား

မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ခဲ့သည့် ဒုက္ခသည် ၃၀၀ ကျော်စာရင်း ဘင်္ဂလားဒေ့ရှ်သို့ ပေးပို့ထား

ရန်ကုန် ၊ မတ် ၁၃ ။                               ။ မြန်မာနိုင်ငံဘက်တွင် အမှန်တကယ်နေထိုင်ခဲ့သူများ ဖြစ်သည်ဟု မြန်မာအစိုးရဘက်က အတည်ပြုပြီးနောက် ဒုက္ခသည် ၃၀၀ ကျော်စာရင်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ပြန်လည်ပေးပို့ထားသည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမသို့ ပြောသည်။

"လူဝင်မှုကြီးကြပ်ရေးကနေ အဲဒီလူ ၃၀၀ ကျော်စာရင်းကို ပို့ထားပြီးသားဖြစ်တယ်လို့ ကျွန်တော်တို့ဘက်ကိုလည်း စာရင်းပို့ပါတယ်။ဘင်္ဂလားဒေ့ရှ်ဘက်နေပြီးတော့ လူစုပြီးတော့ ဘယ်တော့ပြန်ပို့မလဲဆိုတာကိုတော့ စာရင်းက မနေ့ကမှ ပို့တာလေ အဲ့တော့ ခဏစောင့်ရဦးမယ်။ ကျွန်တော်တို့ဘက်ကတော့ လက်ခံဖို့ အဆင်သင့်ပါပဲ " ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံအစည်းအဝေး အပြီးတွင် အိမ်ထောင်စု ၁,၆၇၃ စု ၊ လူဦးရေ ၈,၀၃၂ ဦးပါ စာရင်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ ပေးအပ်ခဲ့ပြီး ယင်းလူဦးရေ စာရင်းကို မြန်မာနိုင်ငံဘက်မှ စစ်ဆေးနေပြီး လက်ရှိအချိန်တွင် လူဦးရေ ၃၀၀ ကျော်ကို စိစစ်ပြီးစီးခဲ့ခြင်းဖြစ်သည်။

ပြန်လည်ဝင်ရောက်လာမည့်သူများအား  တောင်ပြိုလက်ဝဲ သို့မဟုတ် ငါးခူရ စိစစ်လက်ခံရေး စခန်းများမှတစ်ဆင့် လက်ခံသွားမည်ဖြစ်ပြီး ယင်းတို့အား လှဖိုးခေါင်ကြားစခန်း၌ ယာယီနေထိုင်စေပြီးနောက် မူလနေရာများတွင် ပြန်လည် နေရာချထားပေးရန် မြန်မာအစိုးရက ပြင်ဆင်နေခြင်းဖြစ်သည်။

"ရွာတွေပြန်ဆောက်ဖို့အစီအစဉ်တွေအကုန်ဆွဲပြီးသား၊ အိမ်ပုံစံတွေလည်း ရွေးချယ်ထားပြီးသား ၊ အခုလောလောဆယ် ၃၀၀ ကျော်ကို ဘယ်နေရာကလဲဆိုတာ လိုက်ကြည့်နေတာပေါ့။ အဲ့ ၃၀၀ ကျော်ကအရင်ရောက်မယ်လို့ ယူဆရတယ်ပေါ့။ ဒါကြောင့်မို့လို့ သူတို့နေရာတွေမှာ အိမ်တွေ ဆောက်ဖို့ဆိုတာ နဂိုကျန်တဲ့ အိမ်ရှိရင်တော့ အိမ်တန်းသွားရုံပဲလေ" ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောဒေသအတွင်း မီးလောင်ခံထားရသည့်ကျေးရွာများ၏ နေရာတွင် မြန်မာအစိုးရက လုံခြုံရေးဆိုင်ရာ အဆောက်အဦးများကို   ဆောက်လုပ်နေသည်ဟု   နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ (Amnesty International) က ထုတ်ပြန်ထားသည်။

မြန်မာအစိုးရဘက်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်အတွင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့ပေးရေး ၊ ပြန်လည်နေရာချထားရေး ၊ ဖွံဖြိုးရေး စီမံကိန်း (UEHRD) ၏ ဒုတိယဥက္ကလည်း ဖြစ်သူ ဒေါက်တာဝင်းမြတ်အေးက ယင်းကိစ္စများနှင့်ပတ်သက်ပြီး ငြင်းဆန်ထားသည်။

"ကျွန်တော်တို့လုပ်နေတာအမှန်တရားအတိုင်းပဲ။ မြေရှင်းတယ်ဆိုတာက မီးလောင်သွားတဲ့နေရာတွေက မရှင်းဘဲနဲ့ အသစ်ပြန်ဆောက်လို့မရဘူး။ Village Plan လုပ်တဲ့အတွက်ကြောင့် လမ်းတွေက ပုံစံချဲ့ရတာရှိတယ်။ မီးတိုင်တွေ စိုက်ရတာ ရှိတယ်။ ဆက်သွယ်ရေးတာဝါတိုင်တွေစိုက်တာရှိတယ်။ ဒါကြောင့်မို့လို့ ဒီလိုပုံစံဖြစ်သွားတာ ကျန်တာဘာမှမဟုတ်ပါဘူး" ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ လူဦးရေ အမြောက်အများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်တွင် ယင်းထွက်ပြေးတိမ်းရှောင်သူများအား ပြန်လည်လက်ခံရေး ကိစ္စများ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly