မက္ကစီကိုတောင်ပိုင်း၌ ရမ်းကားသောလုပ်ရပ်များကြောင့် ၂၄ နာရီအတွင်း လူ ၁၆ဦး သေဆုံး

မက္ကစီကိုတောင်ပိုင်း၌ ရမ်းကားသောလုပ်ရပ်များကြောင့် ၂၄ နာရီအတွင်း လူ ၁၆ဦး သေဆုံး

 

ချီလ်ပန်စင်ဂို၊ မက္ကစီကို၊ မတ် ၁၃ ။                ။ မက္ကစီကိုတောင်ပိုင်းရှိ ဂွါရဲရိုးပြည်နယ်အတွင်း၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ရမ်းကားသောလုပ်ရပ်များ ကြောင့် လူပေါင်း ၁၆ ဦးခန့်သေဆုံးခဲ့ကြောင်း အာဏာပိုင်များက တနင်္လာနေ့က ပြောခဲ့သည်။

နောက်ဆုံးဖြစ်ပွားခဲ့သောဖြစ်စဉ်မှာ ပြည်နယ်မြို့တော် ချီလ်ပန်စင်ဂိုမြို့ရှိ စားသောက်ဆိုင်၌ ဒေသစံတော်ချိန် မနက် ၂း၄၀ နာရီခန့်က ၁၅ နှစ်ပြည့်မွေးနေ့ကျင်းပနေသော မိန်းကလေးငယ်လေး၏ မွေးနေ့ပွဲ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လူရမ်းကား ၃ ဦးသည် မော်တော်ဆိုင်ကယ်ကိုစီးနင်း၍ ရောက်ရှိလာခဲ့ပြီး သေနတ်များနှင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြကြောင်း ပြည်နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးဌာနက ဆိုခဲ့သည်။

ထိုဖြစ်စဉ်အတွင်း ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦး ဆေးရုံသို့ပို့ဆောင်စဉ်တွင် ကွယ်လွန်ခဲ့ပြီး အသက် ၁၆ နှစ်မှ ၂၃ နှစ်ကြားရှိ လူငယ် ၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ဌာန၏ ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

ဒါ့အပြင် ဇီဟွာတန်နီဟို ဆိပ်ကမ်းမြို့တွင်လည်း တနင်္လာနေ့က အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရပြီး ပြည်နယ် ရဲတပ်ဖွဲ့မှ ကားတစ်စီးလည်း မီးတင်ရှို့ခံခဲ့ရသည်။

ထိုရမ်းကားသောဖြစ်စဉ်များမှာ အာကာပယ်လ်ကိုမြို့၌ တနင်္ဂနွေနေ့က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ပြန် ကြိုးတပ်ခံထားရပြီး ပစ်သတ်ခံထားရသော အမျိုးသားနှစ်ဦးကို တာဝန်ရှိသူများက ရှာတွေ့ခဲ့ကာ ယင်းဖြစ်စဉ် မတိုင်မီ နာရီပိုင်းအလိုကလည်း အမျိုးသားတစ်ဦး ဟော်တယ်အရှေ့၌ ပစ်သတ်ခံခဲ့ရကြောင်း အာဏာပိုင်များ က ဆိုခဲ့သည်။

ဒါအ့ပြင် တက္ကစီမောင်းသူတစ်ဦးလည်း မြို့အပြင်ဘက်၌ သေနတ်နှင့်ပစ်သတ်ခံခဲ့ရပြီး အမျိုးသမီးများ၏ ဦးခေါင်းများနှင့် အမျိုးသားတစ်ဦး၏အလောင်းတစ်လောင်းပါဝင်သော ယာဉ်တစ်စီး မီးရှို့ဖျက်စီးခံထားရသည် ကိုလည်း တာဝန်ရှိသူများက ရှာတွေ့ခဲ့သည်။

တနင်္ဂနွေနေ့အနှောင်းပိုင်းကလည်း ဖက်ဒရယ်ရဲတပ်ဖွဲ့နှင့် သေနတ်သမားများကြား အပြန်အလှန်ပစ်ခတ်မှု ကြောင့် အာကာပယ်လ်ကိုမြို့မှ လူတစ်ဦးသေဆုံးခဲ့ရပြီး ယာဉ် ၄စီး မီးရှို့ဖျက်စီးခံခဲ့ရသည်။

ဆက်လက်ပြီး ဇီဟွာတန်နီဟိုမြို့၌ အလောင်း ၃ လောင်းကို အပြည်ပြည်ဆိုင်ရာလေဆိပ်သို့သွားသော လမ်းမ ကြီးပေါ်၌ ရှာတွေ့ခဲ့ပြီး အာဂွါဒီကော်ရီယာခရိုင်ထဲ၌ အမျိုးသားတစ်ဦး သေနတ်နှင့်ပစ်သတ်ခံခဲ့ရသည်။ ဒါ့အပြင် တက်စ်ကိုမြို့၌ အငှားယာဉ်မောင်းသမားတစ်ဦး အသတ်ခံခဲ့ရပြီး ချီလ်ပန်စင်ဂိုမြို့မှ အမျိုးသမီးတစ်ဦး သေနတ် နှင့် အပစ်ခံခဲ့ရသလို တက္ကစီအတွင်းမှ ခရီးသည်တစ်ဦး အပြင်သို့ဆွဲထုတ်ခံရပြီး ပစ်သတ်ခံခဲ့ရကြောင်း သိရ သည်။

ယင်းသို့ ရမ်းကားသော အကြမ်းဖက်လုပ်ရပ်အားလုံးနှင့်ပက်သက်၍ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေပြီဖြစ် ကြောင်း အာဏာပိုင်များက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly