မူးယစ်ဆေးစွဲလူငယ်များ ဆေးဖြတ်ပြီးနောက် အလုပ်အကိုင် ရရှိရေးအတွက် စင်တာတစ်ခုမှ အကူညီပေးနေ

မူးယစ်ဆေးစွဲလူငယ်များ ဆေးဖြတ်ပြီးနောက် အလုပ်အကိုင် ရရှိရေးအတွက် စင်တာတစ်ခုမှ အကူညီပေးနေ
ဓာတ်ပုံ-ဟားဗတ်(စ်) လူငယ်ပြုစုပျိုးထောင်ရေးစင်တာ

ရန်ကုန်၊ မတ် ၁၂ ။              ။ မူးယစ်ဆေးစွဲနေသည့်လူငယ်များကို ဆေးဖြတ်ပေးကာ အလုပ်အကိုင်ကူညီပံ့ပိုးမှုမျိုးကို ဟားဗတ်(စ်) လူငယ်ပြုစုပျိုးထောင်ရေး စင်တာက ဆောင်ရွက်ပေးနေကြောင်း သိရသည်။

အဆိုပါစင်တာ၏  “မူးယစ်ဆေးဝါးကင်းစင်သည့် ကျောင်းသားလူငယ်များအတွက် အလုပ်အကိုင် အကူအညီ ပံ့ပိုးကူညီခြင်းစီမံကိန်း” ပြီးစီးအောင်မြင်မှု အထိမ်းအမှတ်ကို ရန်ကုန်မြို့ City Star Hotel ၌ မတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

“အရေးကြီးတာက မူးယစ်ဆေးဝါးသုံးစွဲသူကိုယ်တိုင်ပြောင်းလဲချင်တဲ့ဆန္ဒအပေါ်ပဲ အရေးကြီးပါတယ်။ ပြင်ပက တိုက်တွန်းလို့ ၊ သူငယ်ချင်းက လာခိုင်းလို့ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်   ပြောင်းလဲချင်တဲ့ဆန္ဒ ရှိတဲ့သူ မှန်သမျှကို ကြိုဆိုပါတယ်”ဟု ပရောဂျက်မန်နေဂျာ ဦးဇော်တူးခေါင် က ပြောသည်။

အဆိုပါ လူငယ်ပြုစုပျိုးထောင်ရေးစင်တာသို့ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်မှ အများဆုံးလာရောက်ကြပြီး ဆေးဖြတ်ရန် တစ်ကြိမ်လျှင် လူဦးရေ ၃၀ လက်ခံထားသည်ဟု ဆိုသည်။

မူးယစ်ဆေးဝါးဖြတ်ရာတွင် အစားထိုးဆေးဝါးများတိုက်ကျွေးကြသော်လည်း အဆိုပါစင်တာတွင် အစားထိုးဆေး များ မပေးဘဲ ဆုတောင်းပေးခြင်း၊ မူးယစ်ဆေးဝါးကြောင့် ကိုက်ခဲချိန်တွင် အချင်းချင်းနှိပ်နယ်ပေးခြင်း၊ ရေချိုးခြင်းတို့ ပြုလုပ်ကာ မူးယစ်ဆေးဝါးဖြတ်ခဲ့ရသည်ဟု စင်တာမှကျောင်းသားဖြစ်သူ မောင်လဂျာအောင် က ပြောသည်။

“ပထမဦးဆုံးပေါ့နော်။ ကျွန်တော်မူးယစ်ဆေးဝါးစသုံးဖြစ်တုန်းကပေါ့ သူငယ်ချင်းတွေနဲ့အပျော်အပါးပေါ့။ ကျောက်လုပ်ငန်းလုပ်တာဖြစ်တဲ့အတွက် တစ်ခါတစ်လေပဲ ဘာမှမဖြစ်ပါဘူးဆိုပြီး ပေါ့ပေါ့သေးသေးပေါ့နော်။ ထားပြီးတော့ ဒီမူးယစ်ဆေးဝါးကိုသုံးစွဲခဲ့ပြီးမှ တကယ်ပဲ မူးယစ်ဆေးဝါးကျေးကျွန်ဘ၀ ကို ရောက်သွားတာ ဖြစ်တယ်” ဟု မူးယစ်ဆေးဝါးကို ၆နှစ်ကြာ သုံးစွဲခဲ့သည့် မောင်လဂျာအောင် က သူ့အတွေ့အကြုံကို ပြောသည်။

ကျောင်းသားများကို မုန့်ဖုတ်လုပ်ငန်း၊ ဝက်မွေးမြုရေးလုပ်ငန်း၊ ကားဝပ်ရှော့၊ ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခြင်း စသည့်တို့ကို ၎င်းတို့စိတ်ဝင်စားသည်အလျောက် တစ်လကြာ အလုပ်သင်အဖြစ် လုပ်ကိုင်စေခဲ့သည်။ စင်တာတက်ရောက်ပြီးသူများ တွင် Galaxy Star တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ကီး အပါအဝင် ပြည်ပ နိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသူများရှိနေသည်။

သို့သော်လည်း ဆေးပြန်သုံးစွဲမိသူများလည်း ရှိနေပြီး စင်တာသို့ ပြန်ရောက်လာသည်များ ရှိသည်ဟု ဦးဇော်တူးခေါင်ကပြောသည်။

ဟားဗတ်(စ်)လူငယ်ပြုစုပျိုးထောင်ရေးစင်တာကို လှည်းကူးမြို့နယ် အင်းတိုင်ကျေးရွာတွင် ဆေးစွဲနေသူများနှင့် အရက်စွဲနေသူများအတွက် တည်ထောင်ထားခြင်းဖြစ်ပြီး စင်တာသို့လာရောက်သူများအနေဖြင့် လစဉ် ငါးသောင်းကျပ် စားစရိတ်ပေးသွင်းရပြီး မတတ်နိုင်ပါက စုပေါင်းပေးသွင်းကြသည်များလည်း ရှိသည်။ လက်ရှိတွင် လူမျိုးဘာသာမရွေး လက်ခံသော်လည်း အမျိုးသမီးများကို လက်ခံရန်၊ ထိန်းကျောင်းပေးရန် အဖွဲ့အစည်းအနေဖြင့် Capacity မရှိသေးကြောင်း အဆိုပါစင်တာမှ သိရသည်။

၆ နှစ်ကြာ မူးယစ်ဆေးစွဲခဲ့သူ မောင်လဂျာအောင်က မုန့်ဖုတ်လုပ်ငန်းတစ်ခုတွင် တစ်လကြာ အလုပ်သင် လုပ်ကိုင်ခဲ့ပြီး မုန့်တိုက်တစ်ခုလုပ်ကိုင်ရန် ရည်ရွယ်ထားသည်ဟုလည်း ဆိုသည်။

“ပုံမှန်လာတယ် ။ သူတို့ဆိုအချိန်မှန်အစောကြီးထတယ် ။ သူတို့အရမ်းတက်ကြွတယ်။ ထမင်းချိုင့်လေးတွေ ဆွဲပြီးတော့ လာတယ်။ သူတို့ဟာသူတို့ အချိန်မှန်ထမင်းစားရမယ့်အချိန်စားတယ်။ အလုပ်လုပ်ရမယ့်အချိန် စိတ်ဝင်စားပြီးလုပ်တယ်။ ညနေပိုင်းသူတို့အစီစဉ်ပြီးရင်ပြန်သွားတယ်ပေါ့နော်”ဟု Orison Frozen Food လုပ်ငန်းရှင် ဒေါ်နော်စံမင်းသူ က ပြောသည်။

မူးယစ်ဆေးဖြတ် လူငယ်များအနေဖြင့် အခြားသူများအတိုင်း လုပ်ကိုင်နိုင်သည်ဟု အဆိုပါ လုပ်ငန်းရှင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly