ခရီးသည် ၆၇ ဦး လိုက်ပါလာသည့် ဘင်္ဂလားဒေ့ရှ်လေယာဉ်တစ်စင်း နီပေါတွင် ပျက်ကျ

ခရီးသည် ၆၇ ဦး လိုက်ပါလာသည့် ဘင်္ဂလားဒေ့ရှ်လေယာဉ်တစ်စင်း နီပေါတွင် ပျက်ကျ

 

မတ် ၁၂ ။       ။ ခရီးသည် ၆၇ ဦးနှင့် လေယာဉ်အမှုထမ်း လေးဦးပါရှိသွားသည့် ဘင်္ဂလားဒေ့ရှ် ခရီးသည်တင်လေယာဉ်တစ်စင်း မတ်လ ၁၂ ရက်က နီပေါနိုင်ငံ ခတ္တမန္ဒူရှိ လေဆိပ်တစ်ခုသို့ ဆင်းသက်ရန် ချဉ်းကပ်စဉ် ပျက်ကျသွားခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုလက်ရှိ နောက်ဆုံးသတင်းများအရ လေယာဉ်ပေါ်ပါ လူပေါင်း ၂၀ ဦးကို ကယ်ဆယ်ထားနိုင်ပြီး ဆေးရုံသို့ တင်ပို့ထားကြောင်း လေဆိပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် ကျန်ခရီးသည်များထဲတွင် သေဆုံးသူများလည်း ရှိနေပြီ ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ နာရာယန် ပရာဆက်ဒ် ဒူဝါဒီက ပြောသည်။ သေဆုံးသူဦးရေ အသေးစိတ်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခြင်းမရှိသေးပေ။

" ခုကတော့ လေယာဉ်ပျက်ဆီကနေ ရုပ်အလောင်းတွေ ကျွန်တော်တို့ ဆွဲထုတ်နေရတုန်းပါ၊ ဒဏ်ရာရသူတွေလည်း ရှိပါတယ်" ဆိုပြီး ၎င်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းတစ်ခုဖြစ်သည့် US-Bangla မှ စီမံခန့်ခွဲနေသည့် အဆိုပါလေယာဉ်သည် ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာမှ ပျံသန်းလာခဲ့ခြင်း ဖြစ်ပြီး ယင်းနေ့ နေ့လည်ပိုင်းက လေဆိပ်သို့ ဆင်းသက်ရန် ပြင်ဆင်ချိန် ပြေးလမ်းချော်ကာ ယခုကဲ့သို့ ပျက်ကျမီးလောင်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly