အသတ်ခံရသူFDA ဝန်ထမ်း၏ မိိဘနှစ်ဦးကို လိုပြသက်သေအဖြစ်စစ်ဆေး

အသတ်ခံရသူFDA ဝန်ထမ်း၏ မိိဘနှစ်ဦးကို လိုပြသက်သေအဖြစ်စစ်ဆေး
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့

 

ရန်ကုန်၊ မတ် ၁၂ ။         ။ FDA ဝန်ထမ်းဒုတိယဦးစီးမှူး အမျိုးသမီးသတ်ဖြစ်ခံရသည့်အမှုနှင့် ပက်သက်ပြီး မရွှေရည်ဝင်း၏ မိဘနှစ်ဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် လိုပြ သက်သေအဖြစ် စစ်ဆေးခဲ့ကြောင်း သံသယတရားခံမျိုးဇော်ဦး(ခ) ဆီဒိုးနားဘက်မှ လိုက်ပါ ဆောင်ရွက်သူ အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။

အမှုဖြစ်စဉ်နဲ့ပက်သက်ပြီး မရွှေရည်ဝင်း၏ မိခင် ဒေါ်ဝင်းချိုချိုနဲ့ ဖခင်ဖြစ်သူ ဦးကျော်စိုး တို့ကို ၄ ကြိမ်မြောက်ရုံးချိန်းတွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

" အခုစစ်တာက ရှာဖွေသက်သေရယ်၊ ရယက ရယ်၊ တယ်လီဖုန်းဆိုင်ရာရယ်၊ ရွှေဆိုင်ရယ် နောက်ပြီးတော့ အမျိုးသမီးရဲ့ (မရွှေရည်ဝင်း) အဖေနဲ့အမေရယ်စစ်တယ် " ဟု ဦးမောင်မောင်စိုးကပြောသည်။

ယနေ့ မတ်လ ၁၂ ရက်နေ့ရုံးချိန်းတွင် မရွှေရည်ဝင်း၏ မိဘနှစ်ဦးကို မေးမြန်းရသောကြောင့် စိတ်မကောင်းကြောင်းလည်း ၎င်းကဆိုသည်။

ထို့အပြင် မျိုးဇော်ဦး၏ ရှေ့နေအဖြစ်ဆောင်ရွက်ရသောကြောင့် ဝေဖန်မှုများကိုခံနေရသော်လည်း အမှုကိုဆုံးခန်းတိုင်အောင်  ကြိုးစားသွားမည်ဟုလည်း ဦးမောင်မောင်စိုးကပြောသည်။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး " ပတ်ဝန်းကျင်းက ဂယက်ရိုက်မှုတွေရှိလည်း ကျွန်တော့် လုပ်စရာရှိတာ တာဝန်တွေကိုဆက်ပြီး ဆုံးခန်းတိုင် အောင်တာဝန်ယူသွားမှာပါ " ဟု ၎င်းကဆိုသည်။

FDA ဝန်ထမ်း ဒုတိယဦးစီးမှူး အမျိုးသမီးအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုဖြင့် တရားစွဲတင်ထားသော မျိုးဇော်ဦးက ရှေ့နေမငှားနိုင်သဖြင့် တရားရုံးမှ နိုင်ငံတော်စရိတ်ဖြင့် ရှေ့နေငှားပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုအား လာမည့် မတ်လ ၁၉ ရက်နေ့ကို ၅ ကြိမ်မြောက်ရုံးချိန်းအဖြစ် ချိန်းဆိုလိုက်ပြီး ယင်းရုံးချိန်း တွင်လည်း တရားလိုပြသက်သေများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

FDA ဝန်ထမ်းဒုတိယဦးစီးမှူး အမျိုးသမီး မုဒိမ်းကျင့် သတ်ခံရမှုနှင့် ပတ်သက်ပြီး ရဲစွဲချက်အရ တရား လိုပြ သက်သေ ၃၅ ဦးထိ တရားရုံးတွင် တင်သွင်းထားပြီး ၄ကြိမ်မြောက်ရုံးချိန်းထိ တရားလိုပြသက်သေ ၈ ဦးကို စစ်ဆေးပြီး စီးခဲ့ပြီဖြစ် သည်။

ထို့ကြောင့် စစ်ဆေးနေသည့်လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး တရားလိုရှေ့နေဖြစ်သူကို သတင်းထောက်များမှ မေးမြန်းရာ နိုင်ငံဝန်ထမ်း ဖြစ်သည့်အတွက် ပြောခွင့်မရှိကြောင်းသာ   ပြန်လည်ဖြေဆိုခဲ့သည်။

မျိုးဇော်ဦးဆိုသူကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် သေဒဏ်ထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရာဇသတ် ကြီးဥပဒေပုဒ်မ- ၃ဝ၂ အပါအဝင် ပုဒ်မ ၃၉၄၊ ၃၇၆၊ ၃၇၇ တို့ဖြင့် ယနေ့ မတ်လ ၅ နေ့မှစပြီး တရားလိုပြ သက်သေများကို စစ်ဆေးနေခြင်းဖြစ်သည်။

FDA ဝန်ထမ်းအမျိုးသမီးမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂ဝ ရက်နေ့၊  ညနေပိုင်းအချိန်က လှည်းတန်းမှ နေအိမ်သို့ ကားငှားပြန်ရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၁ ရက်၊ နံနက် ၆ နာရီခွဲခန့်အချိန်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ငမိုးရိမ် ချောင်းဘေးတွင် ဝဲပါး၊ လည်ပင်းဖူးရောင်ညိုမဲ၊ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မိန်းမအင်္ဂါသွေး ထွက် ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းအမျိုးသမီးသေဆုံးမှုနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သူကို ဇန်နဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ အချိန် တွင် သက်သေခံပစ္စည်းဆမ်ဆောင်းလက်ကိုင်ဖုန်းနှင့်အတူ မင်္ဂလာဈေးအတွင်း မင်္ဂလာတောင်ညွန့် မြို့မ ရဲ စခန်း၊ နယ်ထိန်းအရာရှိ ရဲအုပ်သန်းဝင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly