ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ နိုင်ငံရေးအကျဉ်းသားဟောင်းများအား ထောက်ပံ့ငွေပေးအပ်

ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ နိုင်ငံရေးအကျဉ်းသားဟောင်းများအား ထောက်ပံ့ငွေပေးအပ်

 

ရန်ကုန် ၊ မတ် ၁၂  ။               ။ အကျဉ်းထောင်အတွင်း၌ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင်၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများ နှင့် စာနယ်ဇင်းသမားများကို ဟံသာဝတီဦးဝင်းတင်ဖောင်ဒေရှင်းမှ ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။

ယနေ့ မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း တည်ထောင်သည့် (၆) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင်   ပေးအပ်ခဲ့ခြင်းဖြစ်သည်။

"ဆရာကြီးရှိကတည်းက ရည်မှန်းခဲ့တဲ့ လက်ရှိနိုင်ငံရေးအကျဉ်းသားတွေ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ သူတို့ရဲ့ မိသားစုဝင်တွေ စာနယ်ဇင်းသမားတွေကို တတ်နိုင်သမျှ ကူညီထောက်ပံ့မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တဲ့အတိုင်း ၆ နှစ်တာကာလအတွင်းမှာ အကြိမ်ပေါင်း ၃၂ ကြိမ်ရှိပြီ။အရင်တုန်းက ၂ လတစ်ကြိမ် အခုဆိုရင် သုံးလတစ်ကြိမ် ထောက်ပံ့ငွေ ပုံမှန်ပေးအပ်ခဲ့တာဖြစ်ပါတယ်" ဟု ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်း အတွင်းအရေးမှူး ဦးကျော်အောင်က ဆိုသည်။

ယနေ့ပွဲတွင် နိုင်ငံရေးအကျဉ်းသားများအား ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်သာမက ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း စေတနာ ဆေးကုခန်းမှာ စေတနာ့ဝန်ထမ်းဆေးကုသပေးနေသည့် ဆရာဝန်များကိုလည်း ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့သည်။

"ဘုန်းကြီး ထောင်ထဲမှာ ၁၂ နှစ်ကြာနေပြီး လွတ်လာတဲ့အခါမှာ ဖောင်ဒေရှင်းကနေပြီး ဆေးကုသပေးလို့ Medical Checkup ဆေးစစ်ခွင့်ရခဲ့ပါတယ်။ ဖောင်ဒေးရှင်းရဲ့ ၆ နှစ်မြောက်နေ့မှာ ဖောင်ဒေးရှင်း အဓွန့်ရှည်ကြာဖို့အတွက် ပြည်သူပြည်သားတွေကလည်း ပံ့ပိုးရမှာဖြစ်သလို လက်ရှိ NLD အစိုးရကလည်း ဒီဖောင်ဒေးရှင်းကို ပံ့ပိုးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်" ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် အရှင် ထေရဝံသ(ခ) ညောင်တုန်းထွန်းထွန်းက မိန့်သည်။

၂၀၁၂ ခုနှစ်၊ မတ်လ ၁၂ ရက်က စတင်ဖွဲ့စည်းခဲ့သည့် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေရှင်းမှ ထောက်ပံ့ငွေ ပေးအပ်ခဲ့ခြင်းသည်  (၃၂) ကြိမ်မြောက်ဖြစ်ပြီး လက်ရှိအချိန်အထိ နိုင်ငံရေးအကျဉ်းသား(၁၆၅) ဦး ၊ နိုင်ငံရေးအကျဉ်းသားဟောင်း နှင့် စာနယ်ဇင်းသမား(၆၆၁) ဦး စုစုပေါင်း (၈၂၇) ဦးတို့အတွက် ထောက်ပံ့ငွေ သိန်း (၁၉၈၉)သိန်း ထောက်ပံ့ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly