ချင်းတွင်းမြစ်နံဘေးတွင် ကျင်းပမည့် ချင်းတွင်းသင်္ကြန်

ချင်းတွင်းမြစ်နံဘေးတွင် ကျင်းပမည့် ချင်းတွင်းသင်္ကြန်
စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဖေဖော်ဝါရီ ၂၆ ရက်က မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော မဏ္ဍိုင်ကြီး (၄) ရပ် တွေ့ဆုံပွဲအပြီး တွင် ချင်းတွင်းသြင်္ကန်ပြုလုပ်မည့်အကြောင်း ပြောကြားနေစဉ်။

 

မတ် ၁၂ ။                 ။ ချင်းတွင်းသြင်္ကန်ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်းနံဘေးသဲသောင်ပြင်ပေါ်တွင် ဧပြီလ ၁၁ ရက်နေ့မှ ၁၇ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှထုတ်ပြန်လိုက်သည်။

သြင်္ကန်ပွဲတော်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေမှ ကျပ်သိန်း နှစ်ထောင်ကျော် အသုံးပြုရန် စီစဉ်ထားသည်။ ၎င်းငွေများသည် နေ့ကြီးရက်ကြီးခေါင်းစဉ်တွင် ၂၀၁၇-၂၀၁၈ခုနှစ်ဘဏ္ဍာနှစ်အတွက် သုံးစွဲရန်ကျန်ငွေများဖြစ်သည်ဟု အစိုးရအဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧပြီလ ၁၁ရက်မှ ၁၃ရက်အထိအချိန်များတွင် ဖွင့်ပွဲများနှင့် ရိုးရာယာဉ်ကျေးမှုဆိုင်ရာများ၊ လုပ်ငန်းများကိုပြသရန်စီစဉ်ထားပြီး ဧပြီလ ၁၄ရက်မှ ဧပြီ ၁၆ရက်အထိတွင် ရေကစားခြင်း၊ ဖျော်ဖြေမှုများနှင့် အပန်းဖြေနားနေခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။

နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့်ဧပြီလ ၁၇ရက်နေ့၌လည်း မြန်မာ့ရိုးရာအစဉ်အာလအတိုင်း ကောင်းမှုပြုခြင်း၊ သက်လွှတ်ပွဲပြုလုပ်ခြင်းနှင့် သက်ကြီးဘိုးဘွားများကို   ပြုစုစောင့်ရှောင်ခြင်းလှုပ်ရှားမှုများ   ပြုလုပ်သွားမည်ဖြစ်သည်။

 "လုံး၀ Suprise ဖြစ်သွားတယ်၊ အရမ်းမိုက်တယ်၊ ၇၇က်တောင်ပေ့ါနော်၊ ရန်ကုန်မှာတောင် ၄ရက်ပဲလုပ်မှာ၊ ၇ ရက်လုပ်မယ်ဆိုတဲ့အခါကျတော့ တစ်ခုရှိတယ်၊ တာဝန်ရှိလူကြီးမင်းတွေ ပြီးသွားတဲ့အခါကျတော့ဒီပွဲမှာ Organizerလုပ်ရမယ့်လူတွေ တော်တော်ပင်ပန်းမှာတော့ကိုယ်ချင်းစာပါတယ်၊ သို့သော်မုံရွာမြို့မှာ ၇ရက်လုပ်တယ်ဆိုတာ ဒါမှတ်တိုင်ပါပဲ၊ အောင်မြင်စွာနဲ့ကျော်ဖြတ်နိုင်ပါစေလို့ဆုတောင်းပါတယ်"ဟု တေးသံရှင် မိုးမိုးက ပြောသည်။

 ပွဲတော်တွင် Wet Zone(ရေပက်မည့်နေရာ)၊ Beach Zone(အပန်းဖြေအနားယူနိုင်မည့်ကမ်းခြေနေရာ)၊ Play Zone(ကလေးငယ်များဆော့ကစားရန်နေရာ)၊ ယိမ်းအကများ၊   မော်တော်ဆိုင်ကယ်ပြကွက်များ၊ ပါရာမော်တာနှင့် သဲပန်းပုပြကွက်များ၊ တိုင်းရင်းသားရိုးရာယာဉ်ကျေးမှုပြကွက်များ ပါဝင်မည်ဖြစ်သည်။

 "ချင်းတွင်းသြင်္ကန်က ပထမဦးဆုံးမုံရွာမှာလုပ်မယ့်ပွဲလို့သိရပါတယ်၊ ဒီချင်းတွင်းသြင်္ကန်ကိုလာရောက်ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်၊ နောက်ပြီးသြင်္ကန်မှာပျော်တာလည်းပျော်ပေါ့နော် ကိုယ့်ဘာသာအေးအေးဆေးဆေးနဲ့ အန္တရာယ်ကင်းဘေးကင်းစွာနဲ့ပျော်နိုင်ဖို့ကိုလည်း မေတ္တာရပ်ခံပါတယ်"ဟု နာဂလူမျိုးအနုပညာရှင် မာရီကိုးလ်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြန်မာရိုးရာယာဉ်ကျေးမှုများကိုထမ်းသိမ်းရန်၊ ဒေသထွက်ကုန်ပစ္စည်းများဈေးကောင်းရရှိစေရန်၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့စီစဉ်ပြုလုပ်ခြင်းဖြစ်သည်။

ချင်းတွင်းသြင်္ကန်ကျင်းပရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ လူငယ်များနှင့် ဖေဖော်ဝါရီလ ၂၀ရက်နေ့၌တွေ့ဆုံကာ အကြံဉာဏ်များရယူခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ဌာနများမှ လျှပ်စစ်မီးသွယ်တန်းခြင်း၊ ချင်းတွင်းသြင်္ကန်မုဒ်ဦးနှင့် အပူခိုနားနေရန်နေရာများ၊ ထန်းလက်ထီးများ၊ ဈေးတန်းများ၊ အိမ်သာများတည်ဆောက်ရေး၊ သဲသောင်ပြင်တွင် အဓိကကျောရိုးလမ်းမဖောက်မှုများအတွက် တာဝန်ယူဆောင်ရွက်နေသည်။

၎င်းသြင်္ကန်တွင် Wifi နှင့် CCTV များတပ်ဆင်ခြင်း၊ သောက်ရေသန့်အခမဲ့ပေးဝေခြင်း၊ လမ်းအမာသားရရှိရေး၊ သြင်္ကန်ရေရရှိရေး၊ ကြော်ငြာရရှိရေး၊ မီဒီယာစပွန်ဆာ၊ ပင်မဇာတ်စင်အတွက် ဆိုင်းဝိုင်းနှင့် အသံပိုင်းဆိုင်ရာ၊ လိုဂိုနှင့်အဖွင့်သီချင်း စသည်တို့အတွက် အကယ်ဒမီဓီရ်ရာမို၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဌ မင်းသားဖိုးချစ်၊ မြန်မာနိုင်ငံဝါးလုပ်ငန်းရှင်အသင်း၊ အင်ဂျင်နီယာအသင်းနှင့် အခြားသော ကုမ္ပဏီများမှ ကူညီပံ့ပိုးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly