မှော်ဘီအထည်ချုပ်မီးလောင်မှု သိန်း၂၄၀ဆုံးရှုံး

မှော်ဘီအထည်ချုပ်မီးလောင်မှု သိန်း၂၄၀ဆုံးရှုံး
ဓာတ်ပုံ - Myanmar Fire Services Department

 

ရန်ကုန်၊ မတ် ၁၂ ။         ။ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ World Appareal 2 အထည်ချုပ်စက်ရုံမီးလောင်မှုမှ စုစုပေါင်းတန်ဖိုး ကျပ်သိန်း၂၄၀ ဆုံးရှုံးခဲ့ရကြောင်း ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့၏ စာရင်းများအရသိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် စက်ရုံတွင် အကျယ် (၃၉၆x၁၂၆x၂၁)ပေရှိ RC (၂)ထပ် ဆောင်အဆောက်အဦးသည် (၇၂x၁၂၆)ပေ လောင်ကျွမ်းခဲ့ပြီး အချောထည်ပါကင်ပုံး (၅၀)တို့ ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

မီးစတင်လောင်ကျွမ်းချိန် ၉နာရီ မိနစ် ၂၀တွင် စက်ရုံဝန်ထမ်းများမှ မီးသတ်ဆေးဘူးများဖြင့် ငြိမ်းသတ်ခဲ့ကြသည်။

၎င်းနောက် မီးလောင်ကျွမ်းမှုအဆင့် (၃)အထိသတ်မှတ်ခဲ့ပြီး မှော်ဘီ၊ ထောက်ကြန့်၊ အင်းစိန်၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ ရွှေပေါက္ကံ၊ လှည်းကူး၊ ပုလဲ၊ မရမ်းကုန်း၊ ဘုရင့်နောင်ညောင်နှစ်ပင်နှင့် ရန်ကုန်တိုင်းမီးသတ်ဌာနချုပ်များမှ မီးငြိမ်းသတ်ယာဉ်ပေါင်း အစီး (၃၀)၊ အခြားသောအထောက်အကူပြုယာဉ် (၁၆)စီး၊ ကွပ်ကဲမှုယာဉ် (၈)စီး တို့ဖြင့် ငြိမ်းသတ်ခဲ့ရသည်။

မီးငြိမ်းသတ်ရာတွင် ရန်ကုန်တိုင်းအတွင်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၈၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၂၀)ဦး ပါဝင်ခဲ့သည်။

အဆိုပါအထည်ချုပ်စက်ရုံလုံခြုံရေးတာဝန်ခံက အနွေးထည်ထုတ်ပိုးရာနေရာ၌ ခြင်ဆေးထွန်းပြီးခွေမေ့ကျန်ခဲ့ရာမှ မတ်လ ၁၀ရက်နေ့ ည၉နာရီ ၂၀မိနစ်အချိန်တွင် မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့မှ ဖော်ပြထားသည်။

၎င်းစက်ရုံ၏ အသက်(၄၆)နှစ်အရွယ် လုံခြုံရေးတာဝန်ခံ ဦးဌေးလှိုင်အား မှော်ဘီမြို့နယ်ရဲစခန်းတွင် ပုဒ်မ ၂၈၅ဖြင့် အရေးယူအမှုဖွင့်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly