မြန်မာ့ကျောက်ကပ်ဖောင်ဒေးရှင်းတွင် ကျောက်ကပ်တစ်ခါဆေးလျှင် ကျပ် သုံးသောင်းသာ ကျသင့်မည်

မြန်မာ့ကျောက်ကပ်ဖောင်ဒေးရှင်းတွင် ကျောက်ကပ်တစ်ခါဆေးလျှင် ကျပ် သုံးသောင်းသာ ကျသင့်မည်

 

ရန်ကုန်၊ မတ် ၁၁ ။             ။ စရိတ်မယူ ကျောက်ကပ်သွေးသန့်စင်ဌာနများတွင် ကျောက်ကပ်တစ်ခါဆေးလျှင် ကျပ် သုံးသောင်းသာ ကျသင့်မည်ဖြစ်ကြောင်း မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းနိုင်က ပြောသည်။

မတ်လ ၁၁ ရက်နေ့ ၊ ရန်ကုန်မြို့ ၊ လှိုင်မြို့နယ် IBC ခန်းမတွင် ကျင်းပခဲ့သည့် မြန်မာ့ကျောက်ကပ်ဖောင်ဒေးရှင်း တည်ထောင်မှု အောင်မြင်ခြင်းအခမ်းအနားတွင် ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ရဲ့စရိတ်မယူ ကျောက်ကပ်သွေးသန့်စင်ဌာနမှာသွေးသန့်စင်မယ်ဆိုရင် သုံးသောင်းလောက်ပဲ ကျမယ်။ အပြင်မှကတော့ ဒီထက်မက ပိုကျမယ်ခင်ဗျ အဲဒီတော့စောင့်နေရတဲ့ ပုဂ္ဂိုလ်တွေက တော်တော်လေး ကို များပါတယ် ။ ကျွန်တော်တို့တွေ အခုချိန်မှာတော့ ဝန်နဲ့အားမမျှသေးပါဘူး။ တစ်ချိန်မှာ တော့ ကျွန်တော်တို့  စေတနာရှင်ပြည်သူတွေရဲ့ အားပေးကူညီမှုကြောင့်   စောင့်နေရတဲ့ ကျောက်ကပ်ဝေဒနာရှင် တွေကို အားပေးကူညီနိုင်ဖို့   တော်တော်ကြီးကို မျှော်လင့်ထားပါတယ်"ဟု မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း၏ ဒုတိယဥက္ကဋ္ဌဒေါက်တာဝင်းနိုင်က ပြောသည်။

လက်ရှိတွင် ကျောက်ကပ်ဆေးရန် စက် အလုံး ၈၀ ဝယ်ယူထားပြီး သတ်မှတ်နေရာများမှတဆင့် တစ်ရက်လျှင် လူပေါင်း ၁၂၀ ခန့်အထိ ကျောက်ကပ်ဆေးနိုင်ရန် ယင်းဖောင်ဒေးရှင်းမှ ရည်ရွယ်ထားကြောင်း သိရသည်။

လူနာများအနေဖြင့် ပြင်ပဌာနဆေးရုံ၊ဆေးခန်းများတွင် ကျောက်ကပ်ဆေးပါက ကျပ် ၅ သောင်းခန့် ကျသင့်နိုင်ပြီး ကျောက်ကပ် ဝေဒနာရှင်တစ်ယောက်အနေဖြင့် တစ်ပတ်လျှင် နှစ်ကြိမ်သွေးသန့်စင်ရသော ကြောင့် ယခု အကုန်ကျ သက်သာစွာ ဆေးနိုင်မည်ဆိုပါက လူနာများအတွက် ပိုမိုအဆင်ပြေလာနိုင်ဖွယ်ရာ ရှိနေသည်။

မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း၏အဓိကရည်ရွယ်ချက်မှာ ကျောက်ကပ်ဆေးခြင်း၊ အစားထိုးခြင်းတို့အတွက် မဟုတ်ဘဲ ကျောက်ကပ်ရောဂါမဖြစ်ပွားရေးအတွက်ဖြစ်သည်ဟု ဒေါက်တာဝင်းနိုင်က ဆိုသည်။

"ကျောက်ကပ်ဝေဒနာရှင်တစ်ယောက် တစ်ပတ်ကိုနှစ်ကြိမ်သွေးသန့်စင်ရပါတယ် ။ တစ်ပတ်နှစ်ကြိမ် သွေးသန့်စင်ပြီးတော့ ကျွန်တော်တို့မှာရှိတဲ့စက်တွေနဲ့ဆိုရင် စုစုပေါင်း တစ်ရက် အယောက်၁၂၀ကနေပြီးတော့ ၁၅၀လောက်ကို ကျွန်တော်တို့ ကျောက်ကပ်စရိတ်မယူဘဲနဲ့ စရိတ်သက်သာစွာနဲ့ နိုင်ငံတကာအဆင့်မှီ ကျောက်ကပ်သွေးသန့်စင်တဲ့ အခွင့်အရေး ရရှိအောင် ကျွန်တော်တို့ကူညီပံ့ပိုးသွားပါမယ်" ဟု မြန်မာကျောက်ကပ်ဖောင်ဒေးရှင်း၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းနိုင်က ပြောသည်။

မြန်မာကျောက်ကပ်ဖောင်ဒေးရှင်းမှ နည်းပညာ၊ အတက်ပညာအကူအညီများဖြင့်ပံ့ပိုးထားသည့် ကျောက်ကပ်သွေးသန့်စင်ဌာနများမှာ သံယဘေသဇဌာန ဝိဟာရ သံယဆေးရုံ (ပျဉ်းမနား)၊ သုခကျောက်ကပ်သွေးသန့်စင်ဌာန (ရန်ကုန်)နာရေးကူညီမှုအသင်း၊ ဇီဝိတဒါန သံယာ့ဆေးရုံကြီး(ရန်ကုန်)၊ လားရှိုးကျောက်ကပ်သွေးသန့်စင်ဌာန (ဘာသာမရွေးနာရေးကူညီမှုအသင်း)၊ ဆန္ဒတော်ပြည့်အာယုပါလ ကျောက်ကပ်သွေးသန့်စင်ဌာန(မြင်းခြံ)၊ပဲခူးကျောက်ကပ်သွေးသန့်စင်ဌာန(ဗိမာန်ရှင်လူမှုရေးနှင့်နာရေးကူညီမှုအသင်း)၊ ကောျက်ပန်းတောင်းကျောက်ကပ်သွေးသန့်စင်ဌာန၊ ပုသိမ်ကျောက်ကပ်သွေးသန့်စင်ဌာန၊ မော်လမြိုင်ကျောက်ကပ်သွေးသန့်စင်ဌာန၊ ဖားအံကျောက်ကပ်သွေးသန့်စင်ဌာန တို့ကို ဖွင့်လှစ်ထားသည်။

အဆိုပါကျောက်ကပ်ဖောင်ဒေးရှင်းတွင် ကျောက်ကပ်အထူးကုဆရာဝန်ကြီးဒေါက်တာလှအောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေပြီး ဒုတိယဥက္ကဋ္ဌအဖြစ်   ဒေါက်တာဝင်းနိုင်က   ဆောင်ရွက်နေပြီး  ကျောက်ကပ်ဝေဒနာ မဖြစ်ပွားစေရန် ကျန်းမာရေးနှင့်ကိုက်ညီသည့်ကိုယ်အလေးချိန် ထိမ်းသိမ်းထားခြင်း၊   ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လုံလောက်စွာ အိပ်စက်အနားယူစေခြင်း၊ ဆရာဝန်မညွှန်ကြားသည့်ဆေးများကို သောက်သုံးမှုမှ ရှောင်ကြဉ်ခြင်းတို့ကို လိုက်နာရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly