တိုင်ကြားမှုများကြောင့် ရွှေစက်တော်ဘုရားပွဲသို့ လေ့လာစုံစမ်းရေးကော်မတီ ရောက်ရှိစစ်ဆေးနေ

တိုင်ကြားမှုများကြောင့် ရွှေစက်တော်ဘုရားပွဲသို့ လေ့လာစုံစမ်းရေးကော်မတီ ရောက်ရှိစစ်ဆေးနေ

 

မကွေး၊ မတ်လ ၁၁ ။           ။ အဂတိလိုက်စားမှုများရှိနေသည်ဟု တိုင်ကြားမှုများကြောင့် မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေး၊ လေ့လာစုံစမ်းရေး ကော်မတီအဖွဲ့သည် မတ်လ ၉ ရက်နေ့မှစတင်ကာမန်းရွှေစက်တော်ဘုရားပွဲတော်သို့ ရောက်ရှိနေပြီး လေ့လာစုံစမ်းလျှက်ရှိသည်။

ပွဲတော်တွင် လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေများ၊သောင်ပြင်ပြည်သူများက တိုင်းအစိုးရကို တိုင်ကြား တင်ပြထားသည့် ကိစ္စရပ်များအား လာရောက် လေ့လာစုံစမ်းခြင်း ဖြစ်ကြောင်းအဆိုပါ လေ့လာစုံစမ်းရေးကော်မတီအဖွဲ့ထံမှ သိရသည်။

တိုင်ကြားစာများကို တိုင်းအစိုးရမှ တိုင်းလွှတ်တော်သို့ လွှဲပြောင်းပေးခဲ့၍ တိုင်းလွှတ်တော်ဥက္ကဋ္ဌက မင်းဘူး/စကု၊ ငဖဲ၊စေတုတ္တရာနှင့် မကွေးမြို့နယ်များမှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ငါးဦး အား လေ့လာစုံစမ်းရေး ကော်မတီအဖွဲ့ ဖွဲ့ လေ့လာစုံစမ်းစစ်ဆေးရန် တာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။

"ကျွန်တော်တို့ မတ်လ ၉ ရက်နေ့က စပြီး ရွှေစက်တော်ကို ရောက်ပါတယ်။ ဒီနေ့ မတ်လ ၁၁ ရက်နေ့အထိ စုံစမ်းတဲ့ အနေအထားမှာ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဂေါပကအဖွဲ့ရဲ့ စီမံခန့်ခွဲမှု အားနည်းတာ တွေ့ရပါတယ်၊ စည်းစည်းလုံးလုံးနဲ့ လုပ်ကိုင်မှုအားနည်းတဲ့ အပိုင်းနဲ့၊ ဈေးသည်အဖွဲ့နဲ့ ဂေါပကအဖွဲ့တွေ ချိတ်ဆက်မှု အားနည်းတယ် ။ ဒီအပိုင်းတွေ လိုအပ်နေတယ် ။ ဆက်လက်စုံစမ်း စစ်ဆေးပြီး လွှတ်တော်ဥက္ကဋ္ဌ ထံ တင်ပြပါ့မယ်၊အဲ့ဒီကတဆင့် တိုင်းအစိုးရကို အဖြစ်အမှန်တွေ တင်ပြသွားမယ်" ဟု ကော်မတီဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွမ်းရည်က မဇ္ဈိမသို့ ပြောသည်။

လက်ရှိ မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့သည် နှစ်ပေါင်း ၃၀ အတွင်း အဂတိလိုက်စားမှု အများဆုံးဖြစ်၍ ထိထိရောက်ရောက် အရေးယူပေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်နေ့က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံ တိုင်ကြားထားကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော် အခြေခံ ဈေးသည်များ သမဂ္ဂအဖွဲ့က ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်တွင် ငဖဲမြို့နယ် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်နှင့် ဂေါပကအဖွဲ့များသည်ဆိုင်ခန်းနေရာ ချထားမှုများတွင် အဂတိတရားများ လိုက်စားဆောင်ရွက်ခဲ့ ကြောင်း တိုင်ကြားထားခြင်း ဖြစ်သည်။

ရွှေစက်တော်ဘုရား ယာဉ်ရပ်နားကွင်းက ယာဉ်ရပ်နားခတွေ ပိုကောက်ခြင်း၊ အထက်သောင်၊ အောက်သောင် များရှိ ဘုရားဝတ္တကမြေနေရာများ ရောင်းစားခြင်း၊နီးစပ်ရာဆွေမျိူးများကို နေရာချပေးခြင်း၊ လျှပ်စစ်မီး ၁ ယူနစ် လျှင်  ၃၀၀ ကျပ် ကောက်ခံနေခြင်းအပါအဝင် အဂတိလိုက်စားမှုများစွာရှိနေသည်ဟု အခြေခံ ဈေးသည်များက ဖေဖော်ဝါရီလ ၂၃ ရက်က ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly