ထိုင်းနိုင်ငံ ပတ္တရာမြို့ရှိ အရက်ဘားများ မီးလောင်ကျွမ်း၍ ခရီးသွားဧည့်သည်များ ထိခိုက်ဒဏ်ရာရရှိ

ထိုင်းနိုင်ငံ ပတ္တရာမြို့ရှိ အရက်ဘားများ မီးလောင်ကျွမ်း၍ ခရီးသွားဧည့်သည်များ ထိခိုက်ဒဏ်ရာရရှိ

 

ပတ္တရာ၊ ထိုင်း၊ မတ် ၁၁ ။               ။ ထိုင်းနိုင်ငံ ပတ္တရာမြို့ရှိ နာမည်ကျော် ညပွဲလမ်းသဘင်၌ စနေနေ့ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လမ်းမကြီး တစ်လျှောက်ရှိ အရက်ဘားများမီးလောင်ကျွမ်းခဲ့သောကြောင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၂ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး လူအများအပြား အသက်လုထွက်ပြေးခဲ့ရကြောင်း ထိုင်းသတင်းများ၌ ဖော်ပြခဲ့သည်။

လျှပ်စစ်မီးချို့ယွင်းချက်ကြောင့် ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့ပြီး ပတ္တရာမြို့၏နာမည်ကျော် Walking Street မှ အရက်ဘားအများအပြား မီးလောင်ကျွမ်းခဲ့ကာ သောက်စားမြူးထူးနေသူများ အသက်လုထွက်ပြေးခဲ့ရသည်ဟု ဖူးကတ်ဂေဇက်သတင်းစာ၌ ဖော်ပြခဲ့သည်။

ဒါ့အပြင် ခရီးသွားဧည့်သည်နှစ်ဦး မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး မီးခိုးငွေ့များကြောင့် အသက်ရှှုမွန်းကြပ်ခဲ့သည့် အတွက် ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ရကြောင်း ဒေးလီးမေးလ်သတင်းစာက ဆိုခဲ့သည်။

လောင်ကျွမ်းခဲ့သောမီးကို နာရီဝက်အတွင်း အလျင်အမြန်ငြိမ်းသတ်နိုင်ခဲ့ကြောင်း ထိုင်းဗီဆာသတင်းဌာနက သတင်းတင်ပြခဲ့သည်။

လူမှုမီဒီယာများပေါ်သို့ ပေါ်ထွက်လာသော မီးလောင်ကျွမ်းမှုဗီဒီယိုမှတ်တမ်းများအရ လူအများအပြားသည် မီးလောင်ကျွမ်းနေသော အရက်ဘားများအတွင်းမှ အလျင်အမြန်ပြေးထွက်နေခဲ့ကြပြီး အထိတ်တလန့် အော်ဟစ်နေခဲ့ကြသည်ကို တွေ့မြင်ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly