အန္တရာယ်ရှိသော ကိုယ်ဝန်ဖျက်ချခြင်းကို ကာကွယ်ရန် သားဆက်ခြားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးက ဩဂုတ် ၂၆ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
“အန္တရာယ်ရှိသော ကိုယ်ဝန်ဖျက်ချခြင်းများမှ ကာကွယ်ရန် သားဆက်ခြား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မျိုးဆက်ပွားကျန်းမာရေး ဆေးနှင့် ဆေးပစ္စည်းများ ပြည့်စုံဖူလုံအောင် ဆောင်ရွက်မည့်စနစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုရှိ မြို့နယ် ၁၂ မြို့နယ်တွင် ရှေ့ပြေးဆောင်ရွက်လျက်ရှိပြီး ၂၀၁၆ မှ ၂၀၁၈ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာထိ ဆောင်ရွက်သွားမည်” ဟု ဒေါက်တာသိန်းသိန်းဌေးက ဆိုသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ ထောင်စုနှစ်ရည်မှန်းချက် ၈ ချက်အနက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ သေဆုံးမှုလျှော့ချရေးအတွက် မည်ကဲ့သို့လုပ်ဆောင်နေသည်ဟု မရမ်းကုန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမေဝင်းမြင့်၏ မေးခွန်းထုတ်မှုအပေါ် ဒုဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ခန့်မှန်းတွက်ချက်မှုများအရ ၁၉၉၀ ပြည့်နှစ်တွင် အသက်ငါးနှစ်အောက် ကလေးသေဆုံးမှု နှုန်းသည် အရှင်မွေး ၁,၀၀၀ လျှင် ၁၀၈ ဒသမ ၆ ဦး၊ အသက် တစ်နှစ်အောက် ကလေးသေဆုံးမှုနှုန်းသည် အရှင်မွေး ၁,၀၀၀ လျှင် ၇၇ ဒသမ ၅ ဦးရှိရာမှ ၂၀၁၃ ခုနှစ်တွင် အသက်ငါးနှစ်အောက် သေဆုံးမှုနှုန်းသည် အရှင်မွေး ၁,၀၀၀ လျှင် ၅၀ ဒသမ ၂ ဦးသို့ လည်းကောင်း၊ အသက်တစ်နှစ်အောက် သေဆုံးမှုနှုန်းသည် အရှင်မွေး ၁,၀၀၀ လျှင် ၄၂ ဒသမ ၄ ဦးသို့ လည်းကောင်း ကျဆင်းခဲ့သည်ဟု ဒုဝန်ကြီးက ဆိုသည်။
အစိုးရ၏ ကျန်းမာရေးအသုံးစရိတ်မှ ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေးနှင့် သားဆက်ခြား ဆေးဝါးများ ဝယ်ယူရန် သီးသန့် ရန်ပုံငွေများထားရှိခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း မြန်မာကျပ်ငွေ သန်း ၂၆၀ တန်ဖိုးရှိ ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး အရေးပေါ် ဆေးဝါးပစ္စည်းများနှင့် သားဆက်ခြားဆေးဝါးများ ဝယ်ယူခဲ့ပြီး ၂၀၁၃-၁၄ခုနှစ် ဘဏ္ဍာနှစ်တွင် မြန်မာကျပ်ငွေ သန်းပေါင်း ၆၁၀ တန်ဖိုးရှိ ဆေးဝါးပစ္စည်းများကိုလည်းကောင်း၊ ၂၀၁၄-၁၅ခုနှစ် ဘဏ္ဍာနှစ်တွင် မြန်မာကျပ်ငွေ သန်းပေါင်း ၅၀၀ တန်ဖိုးရှိ ဆေးဝါးပစ္စည်းများကိုလည်းကောင်း ဝယ်ယူဖြန့်ဖြူးပေးနိုင်ခဲ့သည်ဟု ဒုဝန်ကြီးက လွှတ်တော်တွင် ပြောသည်။
မဇ္ဈိမဒစ်ဂျစ်သတင်းစာ Update VersionAndroid ဖုန်းတွေမှာ Download လုပ်ပြီး install လုပ်ထားရုံနဲ့ သတင်းစာဖတ်နိုင်ပါပြီ။Download link - http://bit.ly/1JF5t8W
Posted by Mizzima - News in Burmese on Wednesday, August 26, 2015