နှစ်ကောင်ပြေး မြင်းပြိုင်ပွဲအလား ရွေးကောက်ပွဲ

နှစ်ကောင်ပြေး မြင်းပြိုင်ပွဲအလား ရွေးကောက်ပွဲ

ရေဘေးသင့်ပြည်သူများ သန်းနှင့်ချီ ရှိလင့်ကစား ပထမအကြိမ် လွှတ်တော်သက်တမ်းနှင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကို ချိတ်ဆက်နိုင်ရန် သတ်မှတ်အချိန်ဇယားအတိုင်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈၊ တနင်္ဂနွေနေ့တွင် မလွဲမသွေ ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီနှင့် တစ်သီးပုဂ္ဂလ ၃၀၀ ကျော် အပါအဝင် ပြည်သူ့ ကိုယ်စားလှယ်လောင်း ၆,၀၀၀ ကျော်က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်/ တိုင်းဒေသကြီးလွှတ်တော်စသည့် လွှတ်တော်သုံးရပ်အပြင် တိုင်းရင်းသားရေးရာဝန်ကြီးများ နေရာအ တွက် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြတော့မည် ဖြစ်သည်။

လက်ရှိ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများနှင့် ပါတီကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ် လောင်းများစာရင်း ထွက်ရှိလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ကိုယ်စားလှယ်လောင်း အရည်အချင်း စိစစ်မှု မပြီးမီ ပြည်သူ့ကိုယ်စားလှယ်လောင်း ၁၀၀ နှင့်အထက် ဝင်ရောက်ယှဉ်ပြိုင် ကြမည့် ပါတီပေါင်း ၉ ပါတီ ရှိသော်လည်း ကိုယ်စားလှယ်လောင်း ၁,၀၀၀ ကျော်နှင့်အထက် ဝင်ရောက်ယှဉ်ပြိုင်မည့် အဓိကပါတီကြီးများကား နှစ်ပါတီတည်း ရှိသည်။

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) နှင့် အတိုက်အခံ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ပြည်သူ့ကိုယ်စားလှယ်ပေါင်း ၁,၀၀၀ နှင့်အထက် ပါဝင်ယှဉ်ပြိုင်ကြ မည် ဖြစ်သည့်အတွက် နှစ်ကောင်ပြေး မြင်းပြိုင်ပွဲအသွင် ဖြစ်လာပြီး ပြိုင်ဆိုင်မှုလည်း ပြင်းထန်လာ မည် ဖြစ်သည်။ လွန်ခဲ့သည့် ရာစုတစ်စိတ် ၂၅ နှစ်ကို ပြန်ကြည့်လျှင် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြို အပြတ်အသတ် အနိုင်ရခဲ့ပြီး ၂၀၁၀ အထွေ ထွေရွေးကောက်ပွဲတွင် အငြင်းပွားဖွယ် မဲရလဒ်များဖြင့် ပြည်ခိုင်ဖြိုးက အများစု အနိုင်ရခဲ့သည်။ သို့ဆို လျှင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် အဆုံးအဖြတ်ပြိုင်ပွဲ သို့မဟုတ် နှစ်ကောင်ပြေး မြင်းပြိုင် ပွဲကဲ့သို့ ဖြစ်လာပေမည်။

လက်ရှိ ကိုယ်စားလှယ်လောင်း ၁,၀၀၀ ကျော်စီဖြင့် ဝင်ရောက်ယှဉ်ပြိုင်ထားခြင်းကို ကြည့်လျှင် အဓိကပါတီကြီးနှစ်ခုသည် မဲဆန္ဒနယ်တိုင်းကို မိမိတို့ပါတီကိုယ်တိုင်က အနိုင်ရထားလိုကြောင်း ထင်ရှားသည်။ သို့မှသာ လွှတ်တော်တွင်း ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ဆောင်ရွက်နိုင်ပြီး အဆုံးစွန်အားဖြင့် အစိုးရအဖွဲ့ကို ဦးဆောင်မည့် သမ္မတကိုပင် တင်မြှောက်နိုင်သော လွှတ်တော်တွင်း ထိုင်ခုံအများစု ရထားသည့် အာဏာရပါတီကြီးအဖြစ် ရောက်လိုပုံရသည်။ သို့မို့ကြောင့်သာ လက်ရှိကာလတွင် နိုင်ငံရေးပါတီချင်းကြား မဟာမိတ် တည်ဆောက်ရေးကိစ္စကို နောက်ထားပြီး မိမိတို့ပါတီ၏ မူရင်းကိုယ် စားလှယ်လောင်းချည်း အနိုင်ရရေးကို ယေဘုယျ ဦးတည်ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

ကိုယ်စားလှယ်လောင်း ၁၀၀ နှင့်အထက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများတွင် အတိုက်အခံပါတီနှင့် နီးစပ်သည့် နိုင်ငံရေးပါတီက အလွန်နည်းပြီး အာဏာရပါတီနှင့် နီးစပ်ပြီး မူဝါဒ မတိမ်းမယိမ်းဖြစ်သည့် နိုင်ငံရေးပါတီများက အများစုဖြစ်နေသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။

မည်သို့ဆိုစေ ယင်းကိုယ်စားလှယ်လောင်း ၁၀၀ နှင့်အထက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ မဲဆန္ဒနယ်တစ်ခုအတွင်း ဆုံလိုက်လျှင် ယေဘုယျအားဖြင့် နှစ်ကောင်ပြေး မြင်းပြိုင်ပွဲသရုပ် ပြန်လည် ပေါ်လွင်လာပါလိမ့်မည်။

ပါတီတည်မြဲရေးအတွက် မဖြစ်မနေ မဲဆန္ဒနယ်သုံးလေးနယ်ခန့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများကိုလည်း အရေအတွက် ၁၄/ ၅ ပါတီ တွေ့ရသည်။ လူနည်းစု တိုင်းရင်းသားဒေသ များတွင် ယှဉ်ပြိုင်ကြမည့် တိုင်းရင်းသား နိုင်ငံရေးပါတီများကား အများစု ဖြစ်လေသည်။ မည်သို့ဆိုစေ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကား နှစ်ကောင်ပြေး မြေးပြိုင်ပွဲကဲ့သို့ ကျိန်းသေဖြစ်ပေလိမ့်သည်။ မဲဆန္ဒနယ်အများစုတွင် ပါတီကြီးတစ်ခုက နိုင်ပြီး၊ အခြားပါတီကြီးက မုချ ရှုံးပါလိမ့်မည်။

စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသော စစ်တပ်ကျောထောက်နောက်ခံပြု အာဏာရပါ တီတွင် ပြည်သူလက်မခံသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲမဝင်ဘဲ လွှတ်တော် တွင်း ဝင်ထိုင်မည့် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏ ထိုင်ခုံအားသာချက် ရှိနှင့်ပြီး ဖြစ်သည်။ ပါတီသက်တမ်း ၂၇ နှစ်တွင်း ရောက်နေသည့် အတိုက်အခံပါတီတွင် နာမည်ကျော်ကြား ထင်ရှားသူ များနှင့်အတူ လူထုအများစု၏ ထောက်ခံမှု ရှိနေသည်ဟု မှတ်ယူရသည်။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲ (ဝါ) နှစ်ကောင်ပြေးမြင်းပြိုင်ပွဲကား စိတ်ဝင်စားဖွယ် ဖြစ်သည်။ နောင်ငါးနှစ်စာ သက်တမ်း အတွက် ပြည်သူများ ပုံအောလောင်းသည့်မြင်း နိုင်ကောင်းသည်ဟု မဇ္ဈိမက ယူဆသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly