မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် နွေစပါး(မိုးကြို) စိုက်ပျိုးရန် ပြင်ဆင်

မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် နွေစပါး(မိုးကြို) စိုက်ပျိုးရန် ပြင်ဆင်
မိုးကြို(နွေစပါး)စိုက်ပျိုးရန် ပြင်ဆင်နေသည့် တောင်ပြုံးကျေးရွာမှ တောင်သူများကို တွေ့ရစဉ်။ (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်နှင့်ပုသိမ်ကြီးမြို့နယ်တို့တွင် နွေစပါး(မိုးကြို) စိုက်ပျိုးရန် အတွက်ပြင်ဆင်နေပြီး နှာကောက်မျိုးစပါးကို စိုက်ပျိုးသွားမည်ဟု ဒေသခံတောင်သူများ ကဆိုသည်။

ယခင်က ရွှေသွယ်ရင်၊ရက် ၉၀နှင့် 110 မျိုးစပါးသာစိုက်ပျိုးခဲ့ကြပြီး ယခုနှစ် နွေစပါးစိုက်ပျိုးသည်မှ စတင်၍ တောင်သူအများစု နှာက်ကောက်မျိုးစပါးကို စိုက်ပျိုးခြင်းဖြစ်သည်။

တောင်ပြုံးကျေးရွာမှတောင်သူကြီး ဦးရဲဝင်းက"အထွက်ကောင်းတယ်။တစ်ဧကကို တင်းတစ်ရာကျော် ထွက်တယ်။ အရင်မျိုးတွေက တစ်ဧက ၈၀နဲ့၉၀လောက်ထွက်တယ်။ အတော်အပြုအစုကောင်းမှ တစ်ရာနား ကပ်တယ်။ နှာကောက်ကတော့ အပြုအစုလေး နည်းနည်းကောင်းရင်ကို ၁၂၀ လောက် ထွက်တယ်။တောင်သူအတွက် ကိုက်တာပေါ့။"ဟုပြောသည်။

မျိုးတစ်တင်းကို တစ်သောင်းကျပ်ပေးရပြီး တစ်ဧကကို သုံးတင်စိုက်ပျိုးရသည်။စိုက်ပျိုးရာတွင် ကြဲပက်၍ စိုက်ပျိုးရသလို တစ်ချို့က ကြိုးတန်းပြီး မျိုးစေ့ချခြင်းနည်းဖြင့်စိုက်ပျိုးရကြောင်းသိရသည်။

ယခင်က ပျိုးထောင်၊ပျိုးနှုတ်စိုက်ပျိုးရာမှ ယခုအခါတွင် လက်လုပ်သားရှားပါးနေခြင်းကြောင့် မျိုးစေ့ကို ကြဲပက်၍ စိုက်ပျိုးလာခဲ့ကြောင်းသိရသည်။

တောင်သူကြီး ဦးခင်ဇော်ဝင်းက"မျိုးစေ့ကို လက်နဲ့ကြဲတယ်။တစ်ချို့က ကြိုးတန်းပြီးကြဲတယ်။ နှစ်မျိုးပေါ့။ ဒီလိုလုပ်ရတာက လုပ်သားတွေရှားသွားလို့ပါ။အခုလုပ်တာကတော့ မြန်လည်းမြန်တယ်။ ကြိုးတန်းကြဲရင် တစ်ဧက တစ်သောင်းကျပ်ပေးရတယ်။လက်ရမ်းကြဲဆို တစ်ဧက သုံးထောင်ကျပ်ပဲ ပေးရတယ်။"ဟုပြောသည်။

လယ်တစ်ဧက စိုက်ပျိုးစရိတ်ကုန်ကျငွေမှာ နှစ်သိန်းခွဲ၊သုံးသိန်းနီးပါးကုန်ကျသောကြောင့် နှာကောက် စပါးမျိုးကို စိုက်ပျိုးကြခြင်းလည်းဖြစ်သည်။

ထွန်ယက်ရာတွင်လည်း မိရိုးဖလာ ကျွဲနွားဖြင့်ထွန်ယက်ခြင်းလုပ်ကိုင်သူ နည်းပါးပြီး လက်တွန်းစက်၊ ထွန်စက်တို့ဖြင့် ထွန်ယက်စိုက်ပျိုးခြင်းလုပ်ကိုင်နေရသည်။

ကျွဲနွားနှင့်ထွန်ယက်ရာတွင် တစ်ဧကကို ရက်ကြာတတ်ပြီး ထွန်စက်များဖြင့်စိုက်ပျိုးရာတွင် နာရီပိုင်းသာ ကြာမြင့်သောကြောင့် စိုက်ပျိုးချိန်စောသလို ရိုတ်သိမ်းချိန်လည်း စောသောကြောင့် အလေအလွင့်နည်းပါသည်ဟု တောင်သူများကဆိုသည်။

လက်တွန်းစက်နှင့်ထွန်စက်ငှားရမ်းအသုံးပြုပါက ခြောက်သောင်းကျပ်သာ ကုန်ကျသည်ဟု တောင်သူများကဆိုသည်။

"နွားနဲ့ကျွဲနဲ့ထွန်တာတော့ကောင်းတယ်။ဒါပေမယ့် ရာသီဥတုက ပြောလို့မရတော့ မြန်အောင် စက်သုံးတာပေါ့။ စိုက်ပျိုးတဲ့အချိန် ရိတ်သိမ်းတဲ့အချိန်စောတော့ ဆုံးရှုံးမှုနည်းတယ်။"ဟု မတ္တရာမြို့နယ်ကတောင် ဦးဝင်းကပြောသည်။

"အခုစိုက်ဖို့လုပ်နေတာတော့ နှာကောက်ပေါ့။အထွက်တိုးတယ်ပြောတာပဲ။အရင်က ရွှေသွယ်ရင် စိုက်တယ်။ ၈၀လောက်ထွက်တယ်။ နှာကောက်ကတော့ ၁၀၀လောက်ထွက်တယ်ဆိုတော့ စမ်းစိုက်တာပဲ။"ဟု ကြာနီကန်ကျေးရွာက ဒေါ်အေးရွှေကပြောသည်။

အထွက်နှုန်းအမှန်တကယ်ထွက်မထွက်ကို သေချာမသိသေးသော်လည်း စိုက်ပျိုးဖူးသူများက အထွက်နှုန်းကောင်းသည်ဆိုခြင်းကြောင့် ယခုလို နှာကောက်မျိုးစပါးကို စိုက်ပျိုးခြင်းဖြစ်ကြောင်း တောင်သူအချို့ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly