ဧရာဝတီတိုင်းအတွင်း အစိုးရသို့ ဆန္ဒဖော်ထုတ်မှုများ လျော့နည်းလာ

ဧရာဝတီတိုင်းအတွင်း အစိုးရသို့ ဆန္ဒဖော်ထုတ်မှုများ လျော့နည်းလာ

 

ပုသိမ်၊ မတ်လ ၈။    ။   ယခုအစိုးရလက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန္ဒဖော်ထုတ်မှုများလျော့နည်းလာခြင်းမှာ အစိုးရ ကို တိုက်ရိုက်တင်ပြနိုင်ခြင်းကြောင့် ဟု ပုသိမ်မြို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ က ဆန္ဒဖော်ထုတ်များနှင့် ပတ်သက်ပြီး ပြောသည်။

“ ဒီဘက်ခေတ်မှာ ဘာလို့နည်းလာလဲဆို အစိုးရအပေါ်မှာ တိုက်ရိုက်တင်ပြခွင့်ရှိတယ်၊ဆန္ဒပြတဲ့ အခါမှာ ကျတော့လည်း ကျွန်တော်ဆို အစိုးရသစ်တက်လာပြီး ဆန္ဒပြတာ အကြိမ်ပေါင်း ၁၀ကြိမ် လောက်ရှိပြီ၊ တစ်ကိုယ်တော်ဆန္ဒပြတာ ၆ ကြိမ်လောက်ရှိတယ်၊ဆန္ဒပြတဲ့အပေါ်မှာ အကောင်အထည်ဖော် ဆောင်ရွက်မှု အားနည်းလာတော့ စိတ်ပျက်လာတာတွေလည်းပါတာပေါ့၊ လယ်သမားအရေးတွေ ဆန္ဒပြလို့ထူးခြားလာတာ မရှိတော့ ဆန္ဒပြချင်စိတ်မရှိတော့တာလည်း ပါတယ် ” ဟု ပုသိမ်မြို့နယ်၊ လူအခွင့်အရေးတက်ကြွလှုပ်ရှားသူ များ အဖွဲ့မှ  ဦးထွန်းထွန်းဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၄ ခုနှစ်တွင် ဆန္ဒဖော်ထုတ်မှု ၆၈ ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် ၁၃၀ ကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ဆန္ဒဖော်ထုတ်မှု ၄၅ ကြိမ်၊၂၀၁၇ ခုနှစ်တွင် ဆန္ဒဖော်ထုတ်မှု ၆၀ ကြိမ်နှင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အထိ ၇ ကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများအရ သိရှိရသည်။

ပုသိမ်မြို့၊ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးစိုးလှိုင်ဦးကမူ အစိုးရကိုတိုက်ရိုက်တင်ပြမှုရှိလာသဖြင့် လျော့နည်းသွားခြင်းဟု ဆိုသည်။

"အဓိကအကြောင်းက အစိုးရအဖွဲ့လုပ်ဆောင်တဲ့ လုပ်ဆောင်ချက်တွေက နည်းနည်းထိရောက်လာတယ် ပြောရမလား ။ CSO အဖွဲ့အစည်းတွေ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ထိစပ်မှုရှိလာတယ်လို့ပြောရမလား။ အဲဒီအခါမှာ အစိုးရအပေါ်မှာ မနှစ်သက်တဲ့ကိစ္စတွေ ဆန္ဒပြတာနည်းပါးသွားတယ်၊ ဟိုဘက် အစိုးရမှာ ဆန္ဒပြခဲ့တုန်းက အစိုးရအပေါ်မှာ မကြိုက်နှစ်သက်တဲ့အကြောင်းအရာတွေလည်းရှိတယ်။ တစ်ခုခုဖြစ်တယ် ဆိုတာနဲ့ ဆန္ဒပြတဲ့ ကိစ္စတွေပေါ်လာတာတွေရှိတယ်၊ လက်ရှိအစိုးရမှာတော့ ပြည်သူလူထုတင်မြှောက်ထားတဲ့ အစိုးရ ဖြစ်တယ် ။ နှစ်ဘက်ထိန်းကျောင်းမှုတွေနဲ့ ဆန္ဒပြပွဲတွေ လျော့နည်းသွားတယ်လို့ ထင်တယ်”ဟု ပြောသည်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်များအတိုင်း အမျိုးသားလွှတ်တော်တွင်  မတ်လ ၇ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ထိုသို့ အတည်ပြုလိုက်ခြင်းကြောင့် ဆန္ဒထတ်ဖော်မှုများ လျော့နည်းလာနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

အဆိုပါ ငြိမ်းစုစီ ဥပဒေကြမ်းအရဆိုလျှင် ငြိမ်းချမ်းစွာ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ပြုလုပ်လိုသူများသည် ပြုလုပ်မည့် အစီအစဉ် အသေးစိတ်၊ ခန့်မှန်းလူဦးရေအပြင် ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက မည်သူဖြစ်သည်ကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ကြိုတင် အသိပေးရမည် ဖြစ်သည်။

ထို့ပြင် ဥပဒေကြမ်း၏ ပုဒ်မ ၁၈တွင် “မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန် ငွေ သို့မဟုတ် ပစ္စည်းကိုသော်လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုကို သော်လည်းကာင်း သုံးစွဲ၍ သူတစ်ဦးဦးအား ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းတို့ကိုပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို  ထောင်ဒဏ် (၂)နှစ် ချမှတ်နိုင်သည်” ဟူ၍ ဖြည့်စွက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly