Victim Blaming တွေ ရပ်ကြပါ

Victim Blaming တွေ ရပ်ကြပါ
(ဓာတ်ပုံ - အီးပီအေ)

မတ်လ ၈ ရက်နေ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ မတ်လ ၈ ရက်နဲ့ အဲဒီ ရက်သတ္တတစ်ပတ် အနီးဝန်းကျင်မှာ အဖွဲ့အစည်း အသီးသီးနဲ့ စိတ်ပါဝင်စားသူ အသီးသီးက မိမိတို့နဲ့ သက်ဆိုင်တဲ့ စိတ်ဝင်စားတဲ့ ကမ်ပိန်းပုံစံ လှုပ်ရှားမှုတွေကို အွန်လိုင်းပေါ်မှာရော မြေပြင်မှာ (offline) အနေနဲ့ရော အထိမ်းအမှတ်လေးတွေ ပြုလုပ်ကြပါတယ်။

ကျွန်မကတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်နေ့လေးအတွက် ကိုယ်ရေးချင်နေတဲ့ အကြောင်းအရာလေးကို စာစုလေးတစ်ခု ရေးပြီး နှမ်းတစ်စေ့အနေနဲ့ ပါဝင် အထောက်အကူပြုလိုက်ပါတယ်။

၂၀၁၈ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်က “အမျိုးသမီး ကဏ္ဍမြင့်မားရေး အားလုံး ဝိုင်းဝန်းတွန်းအားပေး“ ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒါနဲ့အတူ အားလုံးနဲ့ ရင်းနှီးနေတဲ့ #Metoo လှုပ်ရှားမှုတွေနဲ့ #Respecther (သူမကို လေးစားပါ) ဆိုတဲ့ လှုပ်ရှားမှုတွေကို အွန်လိုင်းမှာ မြင်တွေ့ရပါတယ်။ ဒီနှစ်အတွက် အားလုံး စုပေါင်းလုပ်ဆောင်ကြတဲ့ လုပ်ဆောင်မှုတွေဖြစ်ပါတယ်။

ကျွန်မကတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့နဲ့အတူ ခုနောက်ပိုင်း ခဏခဏ ကြားကြားနေရတဲ့ အဖြစ်အပျက်လေးကိုပဲ ပြောချင်နေမိပါတယ်။ အခုတလော မြန်မာနိုင်ငံမှာ အများစု  တုန်လှုပ်ခြောက်ခြားနေတဲ့၊ စိတ်ပျက်နေကြတဲ့ အဓမ္မပြုကျင့်မှုတွေ (မုဒိမ်းမှု)၊ အသက်ငယ်ရွယ်တဲ့ ကလေးငယ်တွေအပေါ်မှာ ပြုကျင့်တဲ့ အဓမ္မပြုကျင့်မှုတွေကို မြင်ရ၊ ကြားရ ဖတ်ရတဲ့အခါ တော်တော်လေးကို စိတ်ပျက် တုန်လှုပ်မိပါတယ်။ မကြားဝံ့တာတွေ၊ မကြားရက်တာတွေကို ကြားနေ မြင်နေရတာ တော်တော်လေးကို တုန်လှုပ်စရာ ကောင်းပါတယ်။

အဲဒီလို ဖြစ်တာရဲ့ နောက်မှာ အမျိုးသမီးတွေ ဆင်ခြင်ပါဆိုတဲ့ ပို့စ်တွေပဲ အများစု တက်လာတယ်။ မိဘတွေ ဂရုစိုက်ပါဆိုတဲ့ ပို့စ်တွေ အများစု တက်လာတယ်။ အွန်လိုင်းမဟုတ်တဲ့ ပြင်ပကမ္ဘာမှာလည်း အဲဒါမျိုးတွေပဲ ကြားရတယ်။ အပြုခံရသူကိုပဲ အပြစ်တင်တဲ့ (Victim Blaming) ဖြစ်ပါတယ်။

ဟိုရက်ကပဲ နာမည်ကြီး မော်ဒယ် တစ်ယောက် ရေကူးဝတ်စုံနဲ့ ပုံတက်လာတော့ အောက်က ကွန့်မန့်တွေကို သွားကြည့်တဲ့အခါမှာ “ဒါမျိုးတွေကြောင့် အဓမ္မပြုကျင့်မှုတွေ ဖြစ်တာ”လို့ လာရေးတဲ့ ကွန့်မန့်တွေကို တွေ့ရပါတယ်။ တွေ့ရပြန်ပြီ Victim blaming။

နောက်ပြီး ဟိုတလောကပဲ သက်ငယ် အဓမ္မပြုကျင့်ခံရမှုတွေအတွက် အွန်လိုင်းမှာ နာမည်ကြီးတဲ့သူ တစ်ယောက်ကို မေးလိုက်တဲ့အခါ မိန်းကလေးတွေက ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်။ ကိုယ်က ထိန်းသိမ်းရမယ် ဆိုတဲ့ စံတွေနဲ့ ဖြေနေတာကို တွေ့ရပါတယ်။ လာပြန်ပြီ victim blaming။

နောက်တစ်ခါ အစိုးရ ဌာနဆိုင်ရာတစ်ခုရဲ့ မုဒိမ်းမှု လျော့ကျရေးအတွက်ဆိုတဲ့ နှိုးဆော်ချက်တစ်ခုကို သိပ်မကြာသေးတဲ့ ရက်ပိုင်းက ကြေငြာပါတယ်။ အဲဒီမှာ အမျိုးသမီးတွေရဲ့ အဝတ်အစား ဆင်ခြင်ဖို့ လိုတယ်ဆိုတာမျိုး ပါလာပြန်တယ်။ တွေ့ရပြန်ပါပြီ victim blaming ။

အဲဒီလို အဲဒီလိုမျိုး ပြုလုပ်ခံရသူကို အပြစ်တင်တဲ့ အလေ့အကျင့်တွေကို ကျွန်မတို့ ဘာကြောင့် စွဲမြဲလာသလဲ။ ဒါတွေက  ကျွန်မတို့ ကြုံနေကြတဲ့၊ ကျွန်မတို့ အစဉ်အဆက် လက်ခံခဲ့တဲ့ ဓလေ့ထုံးစံတွေက သယ်လာခဲ့တဲ့ အစဉ်အလာတွေကနေ သင်ကြားပေးလိုက်ကြတာပါပဲ။

ကျွန်မတို့ ငယ်ငယ်တည်းက အသင်ခံရတာက မိန်းကလေးဆိုတာ ရီရင်တောင်  ကျယ်ကျယ် မရီရဘူး။ လျှပ်ပေါ်လော်လီတယ်လို့ ဆိုတဲ့ အဝတ်အစားတွေ မဝတ်ရဘူး။ လက်ဖက်ရည်ဆိုင်ရှေ့ ဖြတ်မလျှောက်ရဘူး။ အစရှိသဖြင့် “မလုပ်ရဘူး” တွေပဲ မဟုတ်ပါလား။ အဲဒီလိုတွေ သင်ကြားခံလာရပြီးတဲ့ နောက်မှာတော့ အပေါ်ကလို ဖြစ်ရပ်မျိုးတွေ၊ အဓမ္မပြုကျင့်မှုတွေ၊ သက်ငယ် အဓမ္မပြုကျင့်ခံရမှုတွေအတွက် ကျွန်မတို့က အပြုခံရသူကိုပဲ အပြစ်တင်ရမယ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာတော့တာပါပဲ။

ကျွန်မတို့က သာယာလှပတဲ့ လူ့အဖွဲ့အစည်းကို သွားကြတဲ့အခါမှာ ညီမျှတဲ့ ပတ်ဝန်းကျင် ရှိဖို့က အဓိကပဲလို့ ကျွန်မတော့ ထင်တယ်။ ဘာကြောင့်များ တစ်ဖက်ကို တစ်ဖက်က အနိုင်ယူချင်ကြမလဲ။ အနိုင်ယူလို့ရော ကိုယ့်မှာ ရှိတဲ့ ပါဝါကို အလွဲသုံးစား လုပ်လို့ရော ဘာဖြစ်မလဲ။ အကြမ်းဖက်မှုတွေပဲ တိုးလာမှာ ဖြစ်ပါတယ်။

အဲဒီလို ညီညွတ်မျှတတဲ့ ပတ်ဝန်းကျင်ကို သွားတဲ့အခါမှာ နှစ်ဘက်စလုံး ညီမျှဖို့ လိုပါတယ်။ တစ်ဖက်က တစ်ဖက်ကို အပြစ်တင်တဲ့ (blaming) တွေကို ပပျောက်တာ အကောင်းဆုံး ဖြစ်မှာပါ။ ဘာကြောင့်များ ကျွန်မတို့ တစ်ဖက်ဖက်ကို အပြစ်တင်တဲ့ blaming အဆင့်မှာတင် ရပ်နေကြမလဲ။ ကျော်လွှားဖို့ လိုတယ် မဟုတ်လား။

အကြမ်းဖက်မှုတွေကို  အကြမ်းဖက်မှုလို့ မြင်ဖို့ လိုပါတယ်။ ကျွန်မကတော့ victim blaming ကို အားမပေးသလို ပြုလုပ်သူ တစ်ဦးတစ်ယောာက်ကြောင့် အဲဒီအုပ်စု တစ်ခုလုံးကို အပြစ်တင်တဲ့ (perpetrator blaming) ကိုလည်း အားမပေးပါဘူး။

ဥပမာ- အဓမ္မပြုကျင့်မှုတွေကြောင့်  အမျိုးသားထု တစ်ရပ်လုံး ဒီလို စိတ်တွေချည်းပဲ ထင်နေ၊ အပြစ်တင်နေတာမျိုးကလည်း မဖြစ်သင့်ပါဘူး။ မလုပ်သင့်ပါဘူး။  တလောက တက်စီသမား ဖြစ်ရပ်ကြောင့် တက်စီသမားတွေ အားလုံး ထိခိုက်နေတာမျိုး ဖြစ်ပါတယ်။ ကျွန်မတို့က အကြမ်းဖက်မှုကို အကြမ်းဖက်မှုအနေနဲ့ပဲ မြင်ရမှာ ဖြစ်ပါတယ်။ 

ကျွန်မတို့က ဘယ်လို အကြမ်းဖက်မှုမျိုးကို မဆို တွန်းလှန်ဖို့ လိုပါတယ်။ ရှုံ့ချဖို့ လိုပါတယ်။ အကြမ်းဖက်မှု လုပ်တဲ့သူတွေကို မတွန်းလှန်၊ မရှုံ့ချဘဲ အကြမ်းဖက်မှု ခံရတဲ့သူကို အပြစ်တင်နေတဲ့ ဓလေ့တွေကလည်း ရုန်းထွက်ဖို့ လိုပါတယ်။

ဒီနှစ် ဆောင်ပုဒ်မှာ ပြောထားသလို “အမျိုးသမီး ကဏ္ဍမြင့်မား ရေး အားလုံး ဝိုင်းဝန်းတွန်းအားပေး” ဆိုသလိုမျိုးပဲ ဆက်စပ်ပြီး ပြောချင်တာက ခံရသူကိုသာ အပြစ်တင်နေကြတဲ့ victim blaming တွေ လျော့ကြဖို့၊ အကြမ်းဖက်မှုတွေ လျော့ကြဖို့လည်း အားလုံးက ဝိုင်းဝန်း ပါဝင်ဖို့ လိုပါတယ်။

အမျိုးသားတွေရော၊ အမျိုးသမီးတွေရော ပါဝင်ပြီး သာယာလှပတဲ့ လူ့ပတ်ဝန်းကျင်ဆီကို ကျွန်မတို့ သွားကြပါစို့လို့။ 

Mizzima Weekly