အမျိုးသမီးများ အကြမ်းဖက်ခံနေရခြင်းမှ ကာကွယ်ပေးနိုင်မည့်ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရေး အစိုးရသို့ တိုက်တွန်း

အမျိုးသမီးများ အကြမ်းဖက်ခံနေရခြင်းမှ ကာကွယ်ပေးနိုင်မည့်ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရေး အစိုးရသို့ တိုက်တွန်း
ဓာတ်ပုံ - လင်းဘိုဘို/အီးပီအေ

မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သို့  ဒိန်းမတ်၊ ဖင်လန်၊ နော်ေ၀ နှင့် ဆွီဒင် ဆိုင်ရာ (စကင်ဒီနေဗီးယားနိုင်ငံများ)၏ သံမတ်ကြီးများက သဝဏ်လွှာပေးပို့ခဲ့ကြပြီး အမျိုးသမီးများနှင့် မိန်းကလေးများ အကြမ်းဖက်ခံရခြင်းကနေ ကာကွယ်ပေးနိုင်မည့် ပြည့်စုံကျယ်ပြန့်သော ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရေးအတွက်လည်း မြန်မာအစိုးရသို့ တိုက်တွန်းတောင်းဆိုလိုက်သည်။

ဒိန်းမတ်သံအမတ်ကြီး Mr Peter Lysholt Hansen၊  ဖင်လန် သံအမတ်ကြီး Ms Riikka Laatu ၊   နော်ဝေသံအမတ်ကြီး Ms Tone Tinnes ၊ ဆွီဒင်သံရုံး (ရန်ကုန်) အကြီးအကဲ Mr Johan Hallenborg တို့ စုပေါင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။

" ယနေ့သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်း နိုင်ငံများအသီးသီးတို့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကျင်းပကြသည့်နေ့ ဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၁၁၀ ကြာက အစပြု ကျင်းပခဲ့သည်ဟု သိရသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကမ္ဘာတစ်ဝှမ်း အမျိုးသမီးများအတွက် ၎င်းတို့ခွဲခြားဖိနှိပ်ဆက်ဆံခံရမှုများကို ဆန့်ကျင်ထုတ်ဖော်နိုင်မည့် အခွင့်အရေးအပြင် ကိုးကွယ်ရာဘာသာ၊ လူမျိုးနှင့် လူ့အလွှာဆိုင်ရာ မတူညီကွဲလွဲမှုများ ရှိနေလင့်ကစား အားလုံး၏ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်နိုင်မည့် အခွင့်အရေးကို ဖန်တီးထောက်ပံ့ပေးထားလျက်ရှိသည်။ ကမ္ဘာတစ်ဝှမ်း ကျားမ တန်းတူညီမျှရှိမှု ကိစ္စအပေါ် လူအများပိုမိုသိရှိသွားစေနိုင်ရန်အတွက်သော်လည်းကောင်း၊ ကျားမ အခြေခံသည့် ခွဲခြားဆက်ဆံမှုများကို အဆုံးသတ်စေမည့် လုပ်ဆောင်ချက်များကို ဖြစ်ပေါ်စေရန်အတွက်သော်လည်းကောင်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သည် အရေးပါသည့် အခန်းကဏ္ဍကနေ ပါဝင်နေလျက်ရှိသည်ဆိုခြင်းမှာ ယုံမှားသံသယရှိရန်ပင် လိုမည်မဟုတ်ပေ။

ယနေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သည် ကမ္ဘာတစ်ဝှမ်း အမျိုးသမီးများ၏ အခွင့်အရေးနှင့် ကျားမ တန်းတူညီမျှ ရှိမှုတို့အတွက် မကြုံစဖူးသော လူမှုဆိုင်ရာ လှုပ်ရှားဆော်သြမှုများ၏ နောက်ခံဖြစ်ရပ်တစ်ခုအနေဖြင့် ပါဝင်တင်ဆက်နေလျက်ရှိသည်။  အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တိုက်ခိုက်ခြင်းတို့ ရပ်ဆိုင်းနိဂုံးချုပ်သွားရေး၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ မျိုးပွားမှု၊ လိင်ကျန်းမာရေးနှင့် အခွင့်အရေးများ အခိုင်အမာ ရရှိရေး၊ အမျိုးသားများဘက်မှ ခုခံရပ်တည်သူများနှင့် ထိပ်တိုက်ရင်ဆိုင်ရေး တို့သည် ယနေ့ ကမ္ဘာပေါ်က အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုနှင့် ကမ်ပိန်းများတွင် တွေ့ရသည့် ကျယ်လောင်ပြတ်သားသော တောင်းဆိုဟစ်ကြွေးမှုများ ဖြစ်ကြသည်။ အဆိုပါ ထင်ရှားသည့် အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူများထဲတွင် ဥပမာအားဖြင့် “UNiTE to End Violence Against Women” ၊ “End violence Now- 1 Billion Rising” ၊ “Me Too” ၊ “She Decides” ၊ “HeForShe” ၊ “Time’s Up” တို့ ပါဝင်နေသည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးကွန်ရက်များနှင့် အမျိုးသမီးအဖွဲ့အစည်းများ ယနေ့အတွက် လှုံ့ဆော်ဆော်သြကြမည့် ဆောင်ပုဒ်များထဲတွင် “Press for Progress” နှင့် “It’s Not OK” တို့ ပါဝင်နေသည်။ ယင်းတို့သည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား စော်ကားအကြမ်းဖက်မှုများကို လျစ်လျူရှုပြီး ခွင့်လွှတ်သည်းခံတတ်ကြသည့် မြန်မာ့ လူမှုအဖွဲ့အစည်းတွင်းက အပြုအမှု သဘောထားများ ပြောင်းလဲသွားရေးအပေါ် စိန်ခေါ်လွှမ်းမိုးသက်ရောက်မှုရှိနိုင်ရန် ရည်ရွယ်သည်။

ကမ္ဘာတစ်ဝှမ်း တွေ့မြင်ရသည့် အထောက်အထားသက်သေများအရ နိုင်ငံအားလုံးတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အကြမ်းဖက်စော်ကားခံရမှုများမှာ မည်သို့မျှ လက်သင့်ခံစရာမကောင်းလောက်အောင် ပျံ့နှံ့မှုနှုန်းမြင့်မားနေသည်ကို ပြသနေလျက်ရှိသည်။ ပဋိပက္ခစစ်ပွဲများ ရှိနေသည့် နိုင်ငံများ သို့မဟုတ် ပဋိပက္ခများမှ ပြောင်းလဲရုန်းထွက်လာသည့် နိုင်ငံများတွင် တွေ့ရသည့် ကိန်းဂဏာန်းများမှာ ပိုမိုထိတ်လန့်စရာကောင်းနေလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးများနှင့်မိန်းကလေးငယ်များ စော်ကားအကြမ်းဖက်ခံရမှုများမှာ နေရာတကာတွင် ပျံ့နှံ့ဖြစ်ပေါ်နေလျက်ရှိကြောင်း အမျိုးသမီးများ ဆိုင်ရာ ကွန်ရက်များ၊ အဖွဲ့အစည်းများ၏ မကြာခဏ ဖော်ထုတ်မှုများအရ သိရှိနေရသည်။ ယင်းသည် အများပြည်သူဆိုင်ရာ စိုးရိမ်ပူပန်စရာကိစ္စတစ်ခုဖြစ်နေသည့်အတွက် စနစ်တကျ ဝိုင်းဝန်းပူးပေါင်းတုန့်ပြန်ဆောင်ရွက်ရန် လိုအပ်နေလျက်ရှိသည်။ အလားတူ အလားတူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်စော်ကားမှုများကို ဖော်ထုတ်တရားစွဲနိုင်မည့်၊ ကာကွယ်ပေးနိုင်မည့် ပြည့်စုံကျယ်ပြန့်သော ဥပဒေတစ်ရပ် ပေါ်ထွက်ရေးအတွက်လည်း စုရုံးတောင်းဆိုရန် လိုအပ်နေလျက်ရှိသည်။

ယနေ့ မတ်လ ၈ ရက်တွင် ဒိန်းမတ်၊ ဖင်လန်၊ နော်ေ၀ နှင့် ဆွီဒင် ဆိုင်ရာ (စကင်ဒီနေဗီးယားနိုင်ငံများ)၏ သံတမန်မစ်ရှင်များအနေဖြင့် မြန်မာနိုင်ငံမှ အမျိုးသမီးများဆိုင်ရာ ကွန်ရက်များ၊ အဖွဲ့အစည်းများ၊ ကျားမတန်းတူညီမျှရှိရေး ထောက်ခံအားပေးသူများနှင့်အတူ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကျင်းပကာ ကျားမတန်းတူညီမျှ ရှိရေးနှင့် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ထောက်ခံအားပေးကြမည်ဖြစ်သည်။ အမျိုးသမီးများနှင့် မိန်းကလေးများ အကြမ်းဖက်ခံရမှု ပပျောက်ရပ်ဆိုင်းသွားရေးသည် ယခု လုပ်ငန်းစဉ်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ယင်းအတွက်ကြောင့်အမျိုးသမီးများနှင့် မိန်းကလေးများ အကြမ်းဖက်ခံရခြင်းကနေ ကာကွယ်ပေးနိုင်မည့် ပြည့်စုံကျယ်ပြန့်သော ဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းရေးအတွက်လည်း မြန်မာအစိုးရကို  မိမိတို့ တိုက်တွန်းတောင်းဆိုလိုသည်။"

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly