စက်သုံးဆီစျေးနှုန်း ကျဆင်းစေရေး တိုင်းအစိုးရ စီစဉ်နေ

စက်သုံးဆီစျေးနှုန်း ကျဆင်းစေရေး တိုင်းအစိုးရ စီစဉ်နေ

 

ပြည်တွင်းကုန်စည်စီးဆင်းမှုအတွက်မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီဈေးနှုန်းသည်  နိုင်ငံတကာဈေးနှုန်းနှင့် ယှဉ်ပါက ဈေးနှုန်း ပိုကြီးနေပြီး စက်သုံးဆီဈေးနှုန်းတည်ငြိမ်စေရေးအတွက် တိုင်းဒေသကြီးအစိုးရက စီစဉ်နေ ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

ပြည်တွင်းသုံးစွဲမှုအတွက် လိုအပ်သော စက်သုံးဆီကို တန်ချိန်သန်းချီ တင်သွင်းသိုလှောင်ထားနိုင်ပါက စက်သုံးဆီ ဈေးနှုန်းကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

စက်သုံးဈေးနှုန်းတည်ငြိမ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်နေမှုနှင့် ပတ်သက်ပြီး "ရန်ကုန်မှာ လာမည့် ၂၀၁၈-၁၉ မှာ ပြုပြင်ပြောင်းလဲဖို့အတွက် အစိုးရကိုယ်တိုင်က မမြင်ရတဲ့ လက်နဲ့ထိန်းဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီတွေလည်း ထူထောင်ဖို့ ကြိုးစားနေပါတယ်။ စက်သုံးဆီ သိုလှောင်မှု ဟာ ခြောက်လစာလောက်အထိ ထိန်းထားနိုင်မယ်ဆိုရင် ဈေးကို လျှော့ချလို့ရပါမယ်" ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

မတ်လ ၇ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ဦးဖြိုးမင်းသိန်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

" ဘာကြောင့်လဲဆိုတော့ ဈေးဟာ နေ့စဉ်ပေါက်နေတဲ့ ဈေးနဲ့တွက်ပြီး ရောင်းရတဲ့ လုပ်ငန်းမဟုတ်ပါဘူး။ ဈေးကို အနိမ့်ဆုံးအချိန်မှာ တစ်နှစ်စာ ဖြတ်ပြီး ဝယ်ထားနိုင်ပါတယ်။ ရန်ကုန်ကို ပို့ထားလို့လည်းရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ဒီပစ္စည်း တွေကို သိုလှောင်နိုင်တဲ့ အဆင့်ရှိဖို့လိုပါတယ်။ နိုင်ငံတော်ရဲ့ အရေးပေါ် အခြေအနေတခုခုမှာကို စက်သုံးဆီကို ကာလကြာရှည်ထိန်းထားနိုင်မှ သာလျှင် ကျွန်တော်တို့  နိုင်ငံရဲ့တည်ငြိမ် အေးချမ်းမှုကို ပိုပြီးထိန်းညှိပေးထားနိုင်မှာ ဖြစ်ပါတယ်" ဟု ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောသည်။

ယင်းသို့ ဆောင်ရွက်နိုင်မှသာ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်ပြီး သယ်ယူပို့ဆောင် စရိတ် အကြီးမားဆုံး နိုင်ငံစာရင်းမှ လွတ်မြောက်နိုင်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးအစိုးရမှ စက်သုံးဈေးနှုန်းတည် ငြိမ်စေရေးအတွက် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly