ရန်ကုန်ရေကြောင်းဘတ်စ် အချိန်ပြောင်းလဲပြေးဆွဲ

ရန်ကုန်ရေကြောင်းဘတ်စ် အချိန်ပြောင်းလဲပြေးဆွဲ

 

ရန်ကုန်၊ မတ် ၇ ။                 ။ ရန်ကုန်မြစ်အတွင်းပြေးဆွဲနေသည့် ရန်ကုန်ရေကြောင်းဘတ်စ်(Yangon Water Bus)ကို မတ်လ ၇ရက်နေ့မှစတင်၍ အချိန်ဇယားပြောင်းလဲသတ်မှတ်လိုက်သည်။ လက်ရှိပြေးဆွဲနေသည့် ဗိုလ်တစ်ထောင်ဆိပ်ကမ်း မှ အင်းစိန်ဆိပ်ကမ်း၊ အင်းစိန်ဆိပ်ကမ်း မှ ဗိုလ်တစ်ထောင်ဆိပ်ကမ်း ခရီးစဉ်ကိုအချိန်ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။

ယခင်ထုတ်ပြန်ထားသည့်အချိန်ဇယားတွင် ဂိတ်တိုင်းရပ်ဝန်ဆောင်မှုနှင့် အထူးတိုက်ရိုက်ဝန်ဆောင်မှု ဟူ၍ခွဲခြားထားသော်လည်း ယခုထုတ်ပြန်လိုက်သည့်အချိန်ဇယားအသစ်တွင် ခွဲခြားဖော်ပြထားခြင်းမရှိခဲ့ပေ။

အချိန်ဇယားအသစ်အရ ဗိုလ်တစ်ထောင်မှ အင်းစိန်သို့ နံနက်၆နာရီ ၃၀မိနစ်အချိန် စတင်ထွက်ခွာမည်ဖြစ်ပြီး ညနေ ၆နာရီ ၃၀မိနစ်နောက်ဆုံးထွက်ခွာရန် သတ်မှတ်ထားသည်။ ထို့အတွက် ယခင်အချိန်ဇယားထက် ၄၅မိနစ်စော၍ ဗိုလ်တစ်ထောင်မှ အင်းစိန်သို့ ထွက်ခွာမည်ဖြစ်သည်။

အင်းစိန်မှ ဗိုလ်တစ်ထောင်သို့ ပြောင်းလဲလိုက်သည့်အချိန်ဇယားတွင် နံနက် ၇နာရီ ၃၀မိနစ်အချိန် စတင်ထွက်ခွာမည်ဖြစ်ပြီး ညနေ ၅နာရီ ၃၀မိနစ်အချိန် နောက်ဆုံးသတ်မှတ်ထားသည်။ ထို့ကြောင့် ယခင်အချိန်ဇယားထက် အင်းစိန်မှ ဗိုလ်တစ်ထောင်သို့ စထွက်ချိန်နှင့် နောက်ဆုံးထွက်ချိန် ၁နာရီနောက်ကျမည်ဖြစ်သည်။

ရန်ကုန်ရေကြောင်းဘတ်စ်ကို တနလာၤမှ သောကြာနေ့အထိ တစ်ရက်လျှင် ခရီးသည် သုံးထောင်မှ ငါးထောင်အထိ စီးနင်းနေပြီး စနေ၊ တနင်္ဂနွေနေ့များတွင် တစ်ရက်လျှင် ခရီးသည် ခြောက်ထောင်ခန့်အထိ လိုက်ပါစီးနင်းနေသည်။

လမ်းကြောင်းအသစ်အနေဖြင့် မြောက်ဒဂုံဆိပ်ကမ်း(နာရေးကူညီမှုအသင်းအနီး)၊ တောင်ဥက္ကလာဆိပ်ကမ်း (တောင်ဥက္ကလာပဘုရားအနီး)၊ သုဝဏ္ဏဆိပ်ကမ်း(သုဝဏ္ဏဘုရားအနီး)၊ သာကေတ-၁ဆိပ်ကမ်း(မီးကျောင်းမွေးမြူရေးစခန်းအနီး)၊ ပုဇွန်တောင်(၂)ဆိပ်ကမ်း (ကြက်ဘဲဈေးအနီး)၊ သာကေတ-၂ဆိပ်ကမ်း(ရွှေပုဇွန်မုန့်တိုက်အနီး)၊ ဒေါပုံဆိပ်ကမ်း(ဗိုလ်လရောင်လမ်းထိပ်အနီး)၊ ညောင်တန်းဆိပ်ကမ်း(ပုဇွန်တောင်)၊ Star City အိမ်ရာအနီး၊ ရူခင်းသာဟိုတယ်အနီး(ရူခင်းသာမြို့ပတ်လမ်းဘေး)၊ ဗိုလ်ချုပ်လမ်းထိပ်အနီး (သန်လျင်တံတားအနီး)နှင့် သီလဝါ SEZ အနီး စသည့်နေရာများသို့ တိုးချဲ့ပြေးဆွဲရန်လည်း စီစဉ်နေသည်ဟု Yangon Water Busမှ ဖေဖော်ဝါရီ ၂၆ရက်နေ့၌ ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly