စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုးနဲ့အတူ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်တို့ ပီအက်စ်ဂျီအသင်းကို အနိုင်ရ

စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုးနဲ့အတူ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်တို့ ပီအက်စ်ဂျီအသင်းကို အနိုင်ရ
(ဓာတ်ပုံ - အေအက်ဖ်ပီ)

ဥရောပချန်ပီယံ ရီးယဲလ်အသင်းဟာ လီဂူ ၁ လိဂ်ဦးဆောင်သူ ပီအက်စ်ဂျီအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားပြီဖြစ်ပါတယ်။

ရီးယဲလ်အသင်းက ၃-၁ ဂိုးနဲ့နိုင်တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့မှာ စီရော်နယ်လ်ဒိုဟာ ၂ ဂိုးသွင်းယူခဲ့ပြီး ဒုတိယအကျော့ ပြင်သစ်မြေမှာလည်း လူးကပ်စ် ဗာကွက်ဇ်ရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။

စီရော်နယ်လ်ဒို ၅၁ မိနစ်မှာ သွင်းယူခဲ့တဲ့ ဒီဂိုးဟာ ၂၀၀၃ ခုနှစ်က မန်ယူအသင်းနဲ့ နစ္စတယ်ရွိုင်းရဲ့ ၁၂ ဂိုးနောက်ပိုင်း ချန်ပီယံလိဂ် ၉ ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့ပြီး စီရော်နယ်လ်ဒိုကတော့ ဒီရာသီ ၉ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၆၆ မိနစ်မှာတော့ ပီအက်စ်ဂျီကွင်းလယ်လူ ဗာရက်တီ နှစ်ဝါ တစ်နီနဲ့ အထုတ်ခံခဲ့ရတာကြောင့် ရီးယဲလ်တို့အတွက် ဒီပွဲကို သက်သောက်သက်သာဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့် ၇၁ မိနစ်မှာ ကာဗာနီက ပီအက်စ်ဂျီအသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း  ပွဲချိန် ၈၀ မိနစ်မှာ ရီးယဲလ်ကွင်းလယ်လူ ကက်စမဲရိုးက အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် ပီအက်စ်ဂျီတို့ နှစ်ကျော့စလုံး ရီးယဲလ်အသင်းကို အရှုံးပေးခဲ့ရပါတယ်။

လီဂူ ၁ အမှတ်ပေးဇယား ၁၄ မှတ်ဖြတ် ဦးဆောင်ထားတဲ့ ပီအက်စ်ဂျီတို့အတွက် ဒါဟာ ရှုံးထွက် ၁၆ သင်းအဆင့်ကနေ ၂ ရာသီဆက် ထွက်ခွာသွားခဲ့ရတာဖြစ်ပါတယ်။

ရီးယဲလ်အသင်းကတော့ ၈ ရာသီဆက်တိုက် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒု-ကျော့ရလဒ်
ပီအက်စ်ဂျီ ၁-၂ ရီးယဲလ်မက်ဒရစ် (နှစ်ကျော့ပေါင်း ၂-၅ ဖြင့် ရီးယဲလ် ကွာတားတက်)
ကာဗာနီ 71' - စီရော်နယ်လ်ဒို 51' ကတ်စမဲရိုး 80'

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags