မီးတောင်ဘေးမှ လွတ်ရာရွှေ့ပြောင်းခဲ့ကြသည့် ဖိလစ်ပိုင်ပြည်သူ ၅၀၀၀၀ ကျော်အား နေရပ်သို့ ပြန်လာခွင့်ပြု

မီးတောင်ဘေးမှ လွတ်ရာရွှေ့ပြောင်းခဲ့ကြသည့် ဖိလစ်ပိုင်ပြည်သူ ၅၀၀၀၀ ကျော်အား နေရပ်သို့ ပြန်လာခွင့်ပြု

မနီလာ၊ မတ် ၆ ။              ။ ဖိလစ်ပိုင်အရှေ့ပိုင်းတွင် ရှိသော မေယွန်မီးတောင် ပေါက်ကွဲသည့် ဘေးအန္တရာယ်မှ လွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြသည့် ပြည်သူပေါင်း ၅၅၀၀၀ နီးပါးသည် နေရပ်သို့ ပြန်လာရန် မတ် ၆ ရက်တွင် အာဏာပိုင်များက ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်သည်။

အရေးပေါ်အခြေအနေအဆင့် လျော့ကျလာခြင်းနှင့် ကြီးမားသည့် ပေါက်ကွဲမှုကြီး ဖြစ်မည့်ဘေး မရှိတော့ခြင်းတို့ကြောင့် ယခုကဲ့သို့ ပြန်လည်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ဖိလစ်ပိုင် ငလျင်နှင့် မီးတောင်ရေးရာ သိပ္ပံကျောင်း PHIVOLCS မှ အရေးပေါ်အဆင့် လေးမှ သုံးသို့ လျှော့ချလိုက်ပြီးနောက် မေယွန်မီးတောာင်မှ ခြောက်ကီလိုမီတာနှင့် ရှစ်ကီလိုမီတာကြားမှာ နေထိုင်ကြသည့် ပြည်သူပေါင်း ၅၄၆၅၇ (မိသားစုပေါင်း ၁၄၅၂၀)အား ၎င်းတို့နေထိုင်ရာ အိမ်များသို့ ပြန်လည်နေထိုင်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

အရေးပေါ်အဆင့် ၄ သည် ကြီးစွာသော ပေါက်ကွဲမှု ဖြစ်နိုင်သည့် အခြေအနေဖြစ်ပြီး အဆင့် ၃ မှာ ကြီးမားသည့် ပေါက်ကွဲမှုဘေး နည်းပါးခြင်းအဖြစ် ညွှန်ပြသည်။

မီးတောင်မှ ခြောက်ကီလိုမီတာအဝန်းအဝိုင်းအတွင်း နေထိုင်သူ ပြည်သူပေါင်း ၁၀၈၃၆ (မိသားစုပေါင်း ၂၆၆၅) ကိုမူ ခိုလှုံရေးစခန်းများမှာပင် ဆက်လက်နေထိုင်ခိုင်းထားဦးမည်ဖြစ်ကြောင်း အယ်ဘေးပြည်နယ်ရှိ အရပ်ဖက်ကာကွယ်ရေးရုံးက ထုတ်ပြန်ထားသည်။

မေယွန်မီးတောင်သည် ဇန်နဝါရီ ၁၃ ရက်က စတင်လှုပ်ခါလာပြီးနောက် ချော်ရည်များ စီးဆင်းကာ ဓာတ်ငွေ့နှင့် မီးတောင်ပြာမှုန့်များ မှုတ်ထုတ်လာခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags