အခွန်အများဆုံးပေးဆောင်သည့် လုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတဂုဏ်ပြု

အခွန်အများဆုံးပေးဆောင်သည့် လုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတဂုဏ်ပြု
ဓာတ်ပုံ - Myanmar President Office

ရန်ကုန်၊ မတ် ၆ ။                ။ ၂၀၁၆-၂၀၁၇ခုနှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်အများဆုံးပေးဆောင်ခဲ့ကြသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ယနေ့ မတ်လ၆ရက်နေ့မနက်ပိုင်းက ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။ ဝင်ငွေခွန်အများဆုံးပေးဆောင်သည့် ကုမ္ပဏီလုပ်ငန်းရှင် (၁၀)ခုနှင့် ကုန်သွယ်လုပ်ငန်းခွန်အများဆုံးပေးဆောင်သည့် ကုမ္ပဏီလုပ်ငန်းရှင်(၁၀)ခုတို့ကို ရွေးချယ် ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

"အခွန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အနည်းငယ် ဆန်းသလိုဖြစ်နေခဲ့သော်လည်း ယခု အချိန်တွင် များစွာနိုးကြားလာကြပြီဖြစ်ပါကြောင်း၊ အခွန်ထမ်းဆောင်ခြင်းသည် နိုင်ငံသူ နိုင်ငံသား တိုင်း၏ တာဝန်ဖြစ်ပါကြောင်း၊ အထူးသဖြင့် လုပ်ငန်းရှင်များသည် ပြည်ပနှင့် ထိတွေ့ဆက်ဆံနေသူများ ဖြစ်ကြ၍ အခွန်ထမ်းဆောင်ခြင်း အလေ့အထနှင့် တာဝန်ကို ပိုမိုသိရှိကြမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ နိုင်ငံတွင် အဆိုပါ အလေ့အကျင့်၊ အဆိုပါ ယဉ်ကျေးမှုသည် အားနည်း နေပါကြောင်း၊ ထို့ကြောင့် တစ်ဖက်တစ်လမ်းမှ ပါဝင်၍ အခွန်ထမ်းဆောင်ကြသည့် ပုဂ္ဂိုလ်များကို ကျေးဇူး တင်ပါကြောင်း"ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ထို့အပြင် အခွန်ပေးဆောင်သည့်လုပ်ငန်းရှင်များကို နိုင်ငံအတွက်ကျေးဇူးတင်ကြောင်းလည်း နိုင်ငံတော်သမ္မတကပြောကြားသည်။

၂၀၁၁-၂၀၁၂ မှ ၂၀၁၆-၂၀၁၇ အခွန် စည်းကြပ်နှစ်အထိ ၆ နှစ်ဆက်တိုက် ဝင်ငွေခွန် အမြင့်မားဆုံး ထမ်းဆောင်ခဲ့သူအဖြစ် ကမ္ဘောဇဘဏ်လီမိတက်ဥက္ကဋ္ဌကို ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခဲ့သည်။

၂၀၁၆-၂၀၁၇ အတွက် ဝင်ငွေခွန် အများဆုံးပေးဆောင်ခဲ့သည့် ကုမ္ပဏီများတွင် ကမ္ဘောဇဘဏ်လီမိတက်၊ Diamond Star Co., Ltd၊ Myawaddy Bank Ltd၊ Shwe Taung Development Co., Ltd၊ Myanmar Economic Holding Limited၊ Myawaddy Trading Ltd၊ PT Power Trading Co., Ltd၊ Thilawa Special Economic Zone Management Committee၊ Jing Hpaw Aung Jade & Jewellery Co., Ltd နှင့် Myanmar Awba Group တို့ပါဝင်နေသည်။

၂၀၁၆-၁၇ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပေးဆောင်သည့်ကုမ္ပဏီများတွင် Dagon Beverages Co., Ltd၊ Myawaddy Trading Ltd၊ Denko Trading Co., Ltd၊ PT Power Trading Co., Ltd၊ Shwe Byain Phyu Co., Ltd၊ International Beverages Trading Co., Ltd၊ Asia Energy Co., Ltd၊ Royal Myawaddy Distillery Group၊ City Mart Holding Co., Ltd နှင့် Regency Material Trading Co., Ltd စသည့်ကုမ္ပဏီများပါဝင်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required