နေပြည်တော်တွင် အကျဉ်းသား ၂ဦး ထွက်ပြေး

နေပြည်တော်တွင် အကျဉ်းသား ၂ဦး ထွက်ပြေး

 

နေပြည်တော်၊ မတ်လ ၆ ။          ။  ခရိုင်တရားရုံးတွင်  ရုံးထုတ်ပြီး နေပြည်တော် အကျဉ်းထောင် သို့ မတ်လ ၅ရက်နေ့ ညနေ၅နာရီ ၂၀မိနစ် အချိန်ခန့်တွင် ပြန်လည်ပို့ဆောင်စဉ် အမှုရင်ဆိုင်နေသော အကျဉ်းသား နှစ်ဦးထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

 ဖြစ်စဉ်မှာ အေလာနယ်မြေရဲစခန်းမှ ဒုရဲအုပ် ဟန်ဝင်းအောင်ဦးဆောင်သောအဖွဲ့မှ  ဇဗ္ဗူသီရိ မြို့နယ် နေပြည်တော် အကျဉ်းထောင်သို့ ခရိုင်တရားရုံးတွင် ရုံးထုတ်ပြီး အကျဉ်းသားများကို ပြန်လည်ပို့ဆောင်စဉ် အကျဉ်းထောင် တံခါးမကြီးရှေ့ အရောက်တွင် အချုပ်ယာဉ်ပေါ်မှ အချုပ်သားများဆင်းရာတွင်  အဆိုပါ တရားခံ နှစ်ယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တရားခံနှစ်ဦးအနက်တစ်ဦးသည် လူသတ်တရားခံတစ်ဦးဖြစ်ပြီး  ကိုဝင်း(ခ)သူရ (၃၆)နှစ် (ဘ) ဦးလှရွှေ၊  ကျည်ထောင်ကန်ကျေးရွာ၊ အမှတ်(၁)ရပ်ကွက်၊ ပုဗ္ဗသီရိ မြို့နယ်နေသူဖြစ်သည်။ အခြားတစ်ဦးမှာ  မူးယစ်ဆေးဝါးမှုဖြင့် အမှုရင်ဆိုင်နေရသော ငြိမ်းချမ်း(၂၄)နှစ်၊ (ဘ) ဦးအုန်းသောင်း ၊ နန်းစကဲရွာ၊ ထိန်ပင်အုပ်စု၊ ပင်လောင်းမြို့၊ ရှမ်းပြည်နယ် နေသူ တို့ ဖြစ်ကြသည်။

 လက်ရှိတွင် အဆိုပါတရားခံများ ဖမ်းဆီးရမိရေးအတွက် ရှာဖွေလျက်ရှိကြောင်း ဇဗ္ဗူသီရိမြို့နယ် အမှတ်(၇) မြို့မရဲစခန်းမှူး ရဲအုပ်တင်သိန်းက မဇ္ဈိမသို့ပြောသည်။

 ယမန်နှစ် ကလည်း ပျဉ်းမနား အချုပ်ထောင်မှ ရမည်းသင်း အကျဉ်းထောင်သို့ တရားခံများ ကို ပို့ဆောင်ရာတွင် ရန်-မန်းလမ်းဟောင်း ပေါ်တွင်  အချုပ်ယာဉ်၏ ယာဘက်ရှေ့ခြမ်း သံဇကာများအား ကွေး၍ တရားခံနှစ်ဦး ထွက်ပြေးခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly